CNI Sport News

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃

ရီးရယ်လ်အသင်း နည်းပြဟောင်း ဇီဒန်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးမှာ ပြင်သစ်အသင်းကို ကိုင်တွယ်ဖို့ သဘောတူညီမှု ရခဲ့တာကြောင့် နည်းပြထိုင်ခုံမှာ ပြန်လည် ဝင်ရောက်နိုင်ဖို့ ပြင်ဆင်နေပါတယ်။ 

ဇီဒန်းဟာ ရီးရယ်လ်အသင်းကို ဒုတိယအကြိမ် ကိုင်တွယ်ပြီး ထွက်ခွာခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း နည်းပြ လောကနဲ့ ဝေးကွာနေတာပါ။ 

အသက် ၅၃ နှစ်အရွယ်ရှိ နည်းပြဟာ ပြင်သစ် လက်ရွေးစင်အသင်းကို ကိုင်တွယ်ချင်တဲ့ သူ့ရဲ့ဆန္ဒတွေကို ဖော်ပြခဲ့ ပေမယ့် သူ့ရဲ့ အသင်းဖော်ဟောင်း ဒက်ချမ့်စ်က နိုင်ငံအသင်းကို တာဝန်ယူနေတာကြောင့် ဒီအစီအစဉ်ကို အကောင်အထည် ဖော်နိုင်ခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။ 

၂၀၁၂ ခုနှစ်ကတည်းက ပြင်သစ်အသင်း နည်းပြရာထူးကို ရယူထားတဲ့ ဒက်ချမ့်စ်ဟာ ၆ နှစ်အကြာမှာတော့ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ကစားသမားတစ်ဦး အနေနဲ့ရော နည်းပြအနေနဲ့ပါ ရယူနိုင်တဲ့ ၃ ဦးမြောက်သူ ဖြစ်လာ ခဲ့တာပါ။

ဒက်ချမ့်စ်ဟာ ပြင်သစ်အသင်းကို ၂၀၂၁ ခုနှစ်မှာ နေးရှင်းလိဂ်ဖလား ရယူပေးနိုင်ခဲ့ပြီး ၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဗိုလ်လုပွဲ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ 

 ဇီဒန်းကို တွေ့ရစဉ်

ဒက်ချမ့်စ်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးမှာ ပြင်သစ်အသင်း နည်းပြရာထူးကနေ ထွက်ခွာမယ်လို့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှာ ကြေညာခဲ့ပါတယ်။ 

ဖာဘရီဇီယိုရိုမာနိုက ဇီဒန်းဟာ ယူရို ၂၀၂၈ ခြေစစ်ပွဲတွေ မတိုင်မီ ပြင်သစ်အသင်းကို ကိုင်တွယ်ဖို့ နှုတ်နဲ့ သဘောတူညီမှု ရရှိထားပေမယ့် တရားဝင် စာချုပ်ချုပ်ထားတာတော့ မရှိဘူးလို့ ဖော်ပြထားပါတယ်။ 

ဇီဒန်းဟာ နည်းပြဘဝမှာ ရီးရယ်လ်အသင်း တစ်သင်းတည်းကိုသာ ကိုင်တွယ်ထားပြီး လာလီဂါဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၃ ကြိမ်နဲ့ ဆုဖလား အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့တာပါ။

ရီးရယ်လ်အသင်းကနေ ထွက်ခွာပြီးနောက်မှာ ဇီဒန်းဟာ ယူနိုက်တက်နဲ့ ချယ်လ်ဆီး အပါအဝင် အသင်းတချို့ရဲ့ ကြိုးပမ်းမှုခံခဲ့ရပေမယ့် ငြင်းဆန်ကာ ပြင်သစ်အသင်း နည်းပြရာထူးကို စောင့်ဆိုင်းနေခဲ့တာ ဖြစ်ပါတယ်။ 

Source: Dailymail