CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၆

ရီးရယ်လ်အသင်းရဲ့ နည်းပြဟောင်းဖြစ်တဲ့ ဇီဒန်းက သူ့ရဲ့အသင်းဟောင်းဟာ ဘိုင်ယန်မြူးနစ်အသင်းကို အနိုင်ယူပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်မယ်လို့ ပြောခဲ့ပါတယ်။

ဇီဒန်းက “ကျနော်ကတော့ ရီးရယ်လ် အနိုင်ရမယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ဒီပွဲက ခက်ခဲပြီး ရှုပ်ထွေးတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်လာမှာပါ”လို့ မိုင်ယာမီဂရမ်းပရီပြိုင်ပွဲမှာ Sky Germany ရဲ့ မေးမြန်းမှုကို ဖြေခဲ့တာပါ။

ဘိုင်ယန်နဲ့ ရီးရယ်လ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်က ၂ ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါ တယ်။ 

ဒုတိယအကျော့ပွဲစဉ်ကို အိမ်ကွင်းမှာ ကျင်းပရမယ့် ရီးရယ်လ်အသင်းဟာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် အိမ်ကွင်း ပွဲစဉ်တွေမှာ ရှုံးပွဲမရှိတာ ၄ နှစ်ကြာရှိပြီဖြစ်တာပါ။

အဲဒါကြောင့် ရီးရယ်လ်အသင်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်နိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေသလို ဇီဒန်း ကလည်း ရီးရယ်လ်အသင်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်မယ်လို့ ပြောခဲ့ပါတယ်။

ဇီဒန်းကို တွေ့ရစဉ်

ဇီဒန်းဟာ ရီးရယ်လ်အသင်းမှာ ချန်ပီယံလိဂ် ဆုဖလားကို ကစားသမားဘဝနဲ့ ၁ ကြိမ်၊ နည်းပြဘဝနဲ့ ၃ ကြိမ်အထိ ရယူနိုင်ခဲ့တာပါ။ 

ဇီဒန်းဟာ ၂၀၂၁ ခုနှစ်က ရီးရယ်လ်အသင်းကနေ ထွက်ခွာပြီးနောက်ပိုင်း ဘယ်အသင်းကိုမှ ကိုင်တွယ်ခြင်း မရှိသေးဘဲ ပြီးခဲ့တဲ့လက ဘိုင်ယန်မြူးနစ်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ရာသီအကုန်မှာ ထွက်ခွာမယ့် နည်းပြ တူချယ်လ်နေရာ အစားထိုးဖို့ နည်းပြသစ် ရှာဖွေနေပေမယ့် အခုထိ အဆင်ပြေမှု မရှိသေးပါဘူး။

Sky Germany က အနာဂတ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို ကိုင်တွယ်ဖို့ရှိလားလို့ မေးမြန်းခဲ့ချိန်မှာတော့ ဇီဒန်းက ပွဲကို သွားကြည့်တော့မယ်လို့ ပြောပြီး ထွက်ခွာသွားခဲ့တာပါ။ 

ဇီဒန်းဟာ ဘိုင်ယန်မြူးနစ်အသင်းထက် ယူနိုက်တက်အသင်းကို ပိုပြီးကိုင်တွယ်ချင်နေတယ်လို့ ဗြိတိန်မီဒီယာ အများစုက ဖော်ပြထားတာ ဖြစ်ပါတယ်။

Source: Metro