CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၁
ပြင်သစ်အသင်းက အဇာဘိုင်ဂျန်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ (ဥရောပဇုန်) ပွဲစဉ်မှာ ၁ ဂိုးသွင်းခဲ့တဲ့ အသင်းခေါင်းဆောင် ဘတ်ပီဟာ နိုင်ငံနဲ့ ကလပ်အသင်းအတွက် ၁၀ ပွဲဆက်တိုက် ဂိုးသွင်း ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘတ်ပီဟာ ဒီရာသီမှာ အကောင်းဆုံးပုံစံ ရရှိနေပြီး ရီးရယ်လ်အသင်းနဲ့ ပြင်သစ် လက်ရွေးစင်အသင်းအတွက် ကစားထားတဲ့ ၁၃ ပွဲမှာ ၁၇ ဂိုး သွင်းယူထားတာပါ။
အဇာဘိုင်ဂျန်အသင်းနဲ့ပွဲစဉ်မှာ သွင်းယူတဲ့သွင်းဂိုးဟာ ဘတ်ပီအတွက် ပြင်သစ်လက်ရွေးစင် ကစားသမားဘဝ ၅၃ ဂိုးမြောက်လည်း ဖြစ်ပါတယ်။
အဲဒါကြောင့် ဘတ်ပီဟာ ပြင်သစ်အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားဖြစ်တဲ့ လိုင်လီ တိုက်စစ်မှူး ဂီရော့ဒ်ရဲ့ ၅၇ ဂိုးစံချိန်ကို လိုက်မီဖို့ ၄ ဂိုးသာလိုတော့တာပါ။
ဘတ်ပီဟာ ဒီပွဲစဉ်ရဲ့ ပွဲပြီးခါနီးမှာ ခြေကျင်းဝတ် ဒဏ်ရာ ရရှိသွားတာကြောင့် လာမယ့် ပြင်သစ်အသင်းရဲ့ ပွဲစဉ်ကို ပါဝင်နိုင်ဖို့ မသေချာပါဘူး။
ဘတ်ပီကိုတွေ့ရစဉ်
ပြင်သစ်အသင်း နည်းပြ ဒက်ချမ့်စ်က ဘတ်ပီဟာ ပြီးခဲ့တဲ့ ၆ ရက်က ရီးရယ်လ်အသင်းမှာ ကစားခဲ့ချိန် ရရှိခဲ့တဲ့ ခြေကျင်းဝတ်မှာပဲ ဒဏ်ရာ ထပ်ရရှိသွားခဲ့တယ်လို့ အတည်ပြုခဲ့ပေမယ့် ဒဏ်ရာ အခြေအနေ ပြင်းထန်မှုကို နောက်ပိုင်းမှာ သိရမယ်လို့ ပြောခဲ့ပါတယ်။
ပြင်သစ်အသင်း နည်းပြ ဒက်ချမ့်စ်က ဒီပွဲမှာ အသင်းရဲ့ နှေးကွေးစွာ စတင်မှုကို မနှစ်သက်ပေမယ့် ခြေစစ်ပွဲမှာ ရာနှုန်းပြည့် နိုင်ပွဲရရှိတဲ့အတွက် ပျော်ရွှင်တယ်လို့ ပြောခဲ့ပါတယ်။
ပြင်သစ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စုပွဲစဉ် ၃ ပွဲစလုံး ရာနှုန်းပြည့် နိုင်ပွဲရရှိထားပြီး ဒုတိယနေရာ က ယူကရိန်းအသင်းကို ၄ မှတ်အသာနဲ့ ဦးဆောင်နေတာပါ။
ပြင်သစ်အသင်းဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် အောက်တိုဘာ ၁၃ ရက်မှာ အိုက်စလန်အသင်း အိမ်ကွင်း သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC