CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၇

လီဗာပူးလ်အသင်း နည်းပြကလော့ပ်က ပြီးခဲ့တဲ့ရာသီက အန်ဖီးလ်မှာ ယူနိုက်တက်အသင်းကို ၇ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ရလဒ်ဟာ တစ်သက်မှာ တစ်ကြိမ် ထွက်ပေါ်တာဖြစ်ပြီး ထပ်တွေ့ရမှာ မဟုတ်ဘူးလို့ ပြောလိုက် ပါတယ်။

ကလော့ပ်က “၇ ဂိုး- ဂိုးမရှိက တစ်သက်မှာတစ်ကြိမ် ကြုံတွေ့တဲ့ ထူးခြားတဲ့ရလဒ်ပါ။ လာမယ့်ပွဲအတွက် ဘယ် အသင်းကို အကူအညီ ဖြစ်မလဲဆိုရင်တော့ ၇ ဂိုး- ဂိုးမရှိနဲ့ ရှုံးနိမ့်တဲ့အသင်းဖြစ်ပြီး ၇ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရတဲ့ အသင်း အတွက် မဟုတ်ပါဘူး။ ကျနော်တို့ဟာ လီဗာပူးလ်အသင်းရဲ့ သမိုင်းဝင်ပြိုင်ဘက်ကို အန်ဖီးလ်မှာ ဘောလုံးကစား ဖို့ပါ။ ဒီပွဲက အလွန်ကောင်းမွန်တဲ့ပွဲဖြစ်မှာပါ”လို့ သတင်းထောက်တွေကို ပြောပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ကာရာဘောင်းဖလား ချန်ပီယံဆုရယူပြီး ၆ နှစ်ကြာ ဆုဖလား လက်မဲ့ ဖြစ်ခဲ့တာကို အဆုံးသတ်နိုင်ခဲ့ပေမယ့် တစ်ပတ်အကြာမှာ လီဗာပူးလ်အသင်းကို အရှက်ရဖွယ် ဂိုးပြတ်ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ 

လီဗာပူးလ်အသင်းဟာ လက်ရှိအချိန်မှာ အကောင်းဆုံးပုံစံ ရရှိနေပြီး ယူနိုက်တက်အသင်းကတော့ ခြေစွမ်းပိုင်း တည်ငြိမ်မှု မရှိဘဲဖြစ်ပါတယ်။ 
ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ၁ ပွဲသာ အနိုင်ရပြီး ရလဒ်တွေ ဆိုးရွားနေတာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်က ယူနိုက်တက်အသင်းဟာ ရလဒ်ဆိုးတွေကနေ ရုန်းထွက်ပြီး ပိုအားကောင်း တဲ့ အသင်းဖြစ်နိုင်တယ်လို့ ခံစားရကြောင်း ပြောခဲ့တာပါ။

ကလော့ပ်က “ဒီလိုတွေပြောနေတာကို ကျနော်မကြိုက်ပါဘူး။ သူတို့အကြောင်းကို လူတွေက မကောင်းတာ ပိုပြီးပြောလေလေ ပိုပြီးအားကောင်း လာတယ်ဆိုတာကို ပြသထားပြီးသားပါ။ ဒါက အမြဲတမ်း ကြုံတွေ့နေရတဲ့ အရာပါ။ ကျနော်ကတော့ မှန်ကန်တဲ့ အရာတွေကိုသာ ရာနှုန်းပြည့် အာရုံစိုက်သွားမှာပါ။ ဒါပေမယ့် ကျနော်တို့က လူသားတွေဖြစ်တဲ့အတွက် ပတ်ဝန်းကျင်မှာ ဆူညံသံတွေရှိပါတယ်”လို့ ပြောခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ယူနိုက်တက်အသင်းနဲ့ ပွဲစဉ်အတွက် ယူနီယံ SG အသင်းကို အရေးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာ လူငယ်ကစားသမား အများအပြားကို အသုံးပြုပြီး အဓိက ကစားသမားတွေကို အနားပေးခဲ့တာ ဖြစ်ပါတယ်။ 

Source: CNA