CNI Sport News

 ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၂

တောင်အမေရိကဘောလုံးအဖွဲ့ချုပ်(Conmebol)ဟာ ကိုပါအမေရိကဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ် အပြီးမှာ ဥရုဂွေးအသင်းတိုက်စစ်မှူး ဒါဝင်နူနက်ဇ်နဲ့ ကိုလံဘီယာအသင်း ပရိသတ်တို့အကြားဖြစ်ခဲ့တဲ့ ရန်ပွဲကို စုံစမ်း စစ်ဆေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

ကိုလံဘီယာအသင်းက ဥရုဂွေးအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ဒါဝင်နူနက်ဇ် ဦးဆောင်တဲ့ ဥရုဂွေး ကစားသမားတွေနဲ့ ကိုလံဘီယာအသင်း ပရိသတ်တို့ဟာ ပွဲကြည့်စင်ပေါ်မှာ ရန်ပွဲဖြစ်ပွားခဲ့တာပါ။

ဒီရန်ပွဲဟာ ဥရုဂွေး ကစားသမားတွေရဲ့ မိသားစုဝင်တွေရှိတဲ့ နေရာမှာဖြစ်ခဲ့တာလို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဒီရန်ပွဲမှာ ကိုလံဘီယာ ပရိသတ်တစ်ဦးဟာ ဒါဝင်နူနက်ဇ်ကို လက်သီးနဲ့ထိုးခဲ့ပြီး ဒါဝင်နူနက်ဇ်ကလည်း လက်သီးနဲ့ ပြန်ထိုးပြီး တုန့်ပြန်ခဲ့တာကို ရုပ်သံမှတ်တမ်းတွေမှာ မြင်တွေ့ခဲ့ရတာပါ။

ဥရုဂွေးအသင်း ခေါင်းဆောင် ဂျီမီနက်ဇ်က ကစားသမားတွေဟာ သူတို့ရဲ့ မိသားစုတွေကို ကာကွယ်ဖို့ ကြိုးစားခဲ့ တာလို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်က ဒီဖြစ်ရပ်တွေဟာ လက်ခံနိုင်စရာ မရှိတဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်မယ်လို့ ကြေညာချက် ထုတ်ပြန်ထားတာပါ။

ရန်ပွဲဖြစ်ပွားမှု ငြိမ်သက်သွားပြီးနောက်မှာ ဒါဝင်နူနက်ဇ်ဟာ သားဖြစ်သူကို ကွင်းထဲမှာ ပွေ့ဖက်ထားတာကို မြင်တွေ့ခဲ့ရပါတယ်။

ဒါဝင်နူနက်ဇ်ဟာ ရန်ပွဲထဲမှာ ပါဝင်ခဲ့တာကြောင့် ပွဲပယ်ခံရဖွယ် ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားတာပါ။

လီဗာပူးလ်အသင်း တိုက်စစ်မှူး ဒါဝင်နူနက်ဇ်ကတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး လူသိရှင်ကြား မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။

ဥရုဂွေးအသင်းဟာ ဒီပွဲစဉ်မှာ ဒုတိယပိုင်းတစ်ပိုင်းလုံး ကစားသမားတစ်ဦးအသာနဲ့ ကစားခဲ့ရပေမယ့် ကိုလံဘီယာ အသင်းကို အရေးနိမ့်ခဲ့တာကြောင့် ကနေဒါအသင်းနဲ့ တတိယနေရာလုပွဲသာ ယှဉ်ပြိုင်ရမှာပါ။

ကိုလံဘီယာအသင်းကတော့ လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းနဲ့ ကိုပါအမေရိကဖလား ပြိုင်ပွဲဗိုလ်လုပွဲကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: BBC