CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၂

ယူနိုက်တက်အသင်းဟာ တိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းကို နည်းပြ အဲရစ်တန်ဟတ်ရဲ့ လက်ထောက်နည်းပြ တွေထဲက တစ်ဦးအဖြစ် ခန့်အပ်ကြောင်း အတည်ပြုခဲ့ပါတယ်။

အဲရစ်တန်ဟတ်ဟာ ယူနိုက်တက်အသင်းနဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးပြီးနောက်မှာ သူ့ရဲ့နည်းပြ အဖွဲ့ဝင်အချို့ကို အပြောင်းအလဲ ပြုလုပ်မှုတွေ ပြုလုပ်ခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ နစ္စတယ်ရွိုင်းအပြင် ရီနီဟာ့ခ်ကိုလည်း လက်ထောက်နည်းပြအဖြစ် ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုကာ ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

အဲရစ်တန်ဟတ်ကတော့ အသင်းကို နောက်တဆင့်တက်အောင် တွန်းအားပေးဖို့အတွက် နည်းပြအဖွဲ့တွေကို အပြောင်းအလဲပြုလုပ်ဖို့ အချိန်ကောင်းဖြစ်တယ်လို့ ပြောခဲ့တာပါ။

အသက် ၄၈ နှစ်အရွယ်ရှိ နစ္စတယ်ရွိုင်းဟာ ယူနိုက်တက်အသင်းမှာ ၂၀၀၁ ကနေ ၂၀၀၆ ခုနှစ်အထိ ကစားခဲ့ပြီး ပွဲပေါင်း ၂၁၉ ပွဲမှာ ၁၅၀ ဂိုးသွင်းယူကာ ပရီးမီးယားလိဂ်၊ FA ဖလားနဲ့ လိဂ်ဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။

ဒတ်ချ်တိုက်စစ်မှူးဟောင်းဟာ PSV အသင်းကို နည်းပြအဖြစ် ၁ ရာသီကြာ ကိုင်တွယ်ခဲ့ပြီး ဒတ်ချ်ဖလား ရယူပေး နိုင်ခဲ့တာပါ။

နစ္စတယ်ရွိုင်းဟာ ယူနိုက်တက်အသင်းကို လက်ထောက်နည်းပြအဖြစ် ပြန်မလာခင် ဘန်လေအသင်း အပါအဝင် အသင်းအချို့နဲ့လည်း နည်းပြရာထူးအတွက် စကားပြောဆိုမှုတွေရှိခဲ့တာ ဖြစ်ပါတယ်။

နစ္စတယ်ရွိုင်းနဲ့ ရီနီဟာ့ခ်တို့ ရောက်ရှိလာခဲ့တဲ့အတွက် ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းရဲ့ နည်းပြအဖွဲ့ဝင် တွေဖြစ်တဲ့ ဗန်ဒါဂတ်နဲ့ မက္ကာသီတို့ဟာ အသင်းက ထွက်ခွာကြမှာပါ။

ယူနိုက်တက်အသင်းဟာ ရာသီသစ် မတိုင်ခင်မှာ အသင်းကို ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေပြီး ဘိုလော့ဂ်နာ အသင်း တိုက်စစ်မှူး ဇာ့ခ်ဇီကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့သလို ဘိုင်ယန်မြူးနစ်အသင်း နောက်ခံလူ ဒီလိုက်ကိုလည်း ခေါ်ယူဖို့ နီးစပ်နေတာ ဖြစ်ပါတယ်။

ကွင်းလယ်လူ ဗန်ဒီဘိခ်ကတော့ ယူနိုက်တက်အသင်းက ထွက်ခွာပြီး ဂျီရိုနာအသင်းထံ အပြီးသတ်ပြောင်း ရွှေ့သွားပြီ ဖြစ်တာပါ။

ယူနိုက်တက်အသင်းဟာ ရာသီသစ်အတွက် လေ့ကျင့်ခန်း အစီအစဉ်တွေကို စတင်နေပြီဖြစ်ပြီး ဇူလိုင် ၁၅ ရက်မှာ ရာသီကြိုခြေစမ်းပွဲအဖြစ် ရိုစင်ဘော့အသင်းနဲ့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

Source: ESPN