CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၃

လီဗာပူးလ်အသင်းနည်းပြဟောင်း ကလော့ပ်ဟာ အမေရိကန်နည်းပြသစ် ရာထူးအတွက် အမေရိကန်ဘောလုံး အဖွဲ့ချုပ်ရဲ့ ချဉ်းကပ်မှုကို ငြင်းပယ်လိုက်ပါတယ်။ 

အမေရိကန်ဘောလုံးအဖွဲ့ချုပ်ဟာ နည်းပြ ဘာဟယ်တာကို ရာထူးက ထုတ်ပယ်ပြီးနောက် နည်းပြရာထူးအတွက် ကလော့ပ်ကို ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့တာပါ။ 

ဒါပေမယ့် ကလော့ပ်ဟာ အမေရိကန် နည်းပြသစ်ဖြစ်မယ့် အခွင့်အရေးကို ငြင်းပယ်ခဲ့တယ်လို့ The Athletic က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်အသင်းဟာ ကိုပါအမေရိကဖလား ပြိုင်ပွဲအုပ်စုအဆင့်က ထွက်ခွာခဲ့ရပြီးနောက် နည်းပြ ဘာဟယ်တာ ကို ရာထူးက ထုတ်ပယ်ခဲ့တာပါ။ 

ကလော့ပ်ဟာ လီဗာပူးလ်အသင်းကို ၉ နှစ်ကြာ ကိုင်တွယ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ရာသီအကုန်မှာ အသင်းက ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။

ဂျာမန်လူမျိုး ကလော့ပ်ဟာ လက်ရှိအချိန်မှာ ဘယ်အသင်းကိုမှ ကိုင်တွယ်မှာ မဟုတ်ဘဲ အနားယူဖို့ ဆုံးဖြတ်ထားတာပါ။ 

အမေရိကန်ဘောလုံးအဖွဲ့ချုပ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင် အောင်မြင်မှုတွေ ရယူထားတဲ့ နည်းပြတွေ ကို နိုင်ငံအသင်းအတွက် ရှာဖွေဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 

အမေရိကန်အသင်းဟာ လာမယ့် စက်တင်ဘာမှာ ကနေဒါ၊ နယူးဇီလန်အသင်းတို့နဲ့ ခြေစမ်းပွဲကစားဖို့ ရှိနေပြီး ဒီပွဲတွေ မတိုင်ခင် နည်းပြသစ် ခန့်အပ်နိုင်ဖို့ စီစဉ်နေတာပါ။

အမေရိကန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တတိယနေရာ ရရှိခဲ့တာက အမြင့်ဆုံး အောင်မြင်မှုဖြစ်ခဲ့ပြီး ဒါကလည်း ၁၉၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာ အမေရိကန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ် ရောက်ရှိခဲ့တာက သူတို့အတွက် အမြင့်ဆုံးအောင်မြင်မှု ဖြစ်ခဲ့တာပါ။

အဲဒါကြောင့် ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမေရိကန်အသင်း အောင်မြင်မှုရနိုင်ဖို့ အမေရိကန်ဘောလုံးအဖွဲ့ချုပ်က ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ 

Source: Dailymail