CNI Sport News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၁

ယူနိုက်တက်အသင်းနဲ့ ချိတ်ဆက်မှုတွေခံနေရတဲ့ အင်္ဂလန်အသင်း နည်းပြဟောင်း ဆောက်ဂိတ်က သူဟာ လာမယ့်နှစ်အထိ နည်းပြလောကထဲကို ပြန်မဝင်သေးဘူးလို့ ပြောခဲ့ပါတယ်။ 

ဆောက်ဂိတ်က “လာမယ့်နှစ်မှာ ကျနော် နည်းပြမလုပ်ဘူးဆိုတာ သေချာပါတယ်။ တကယ်ကို သေချာပါတယ်။ ဆုံးဖြတ်ချက်ကောင်းတွေ ချဖို့အတွက် ကိုယ့်ကိုယ်ကို အချိန်ပေးရမှာပါ။ အလွန်ကြီးမားတဲ့ အခန်းကဏ္ဍကနေ ထွက်လာတဲ့အချိန်မှာ ခန္ဓာကိုယ်အတွက်ရော စိတ်အတွက်ပါ အချိန်ပေးဖို့လိုအပ်ပါတယ်”လို့ ECA ဥရောပ အထွေထွေညီလာခံမှာ ပြောခဲ့တာပါ။ 

ဆောက်ဂိတ်ဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲ ဗိုလ်လုပွဲအပြီး ရက်အနည်းငယ်အကြာမှာ အင်္ဂလန်အသင်း နည်းပြ ရာထူးကနေ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။ 

ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းကနေ ထွက်ခွာပြီးနောက် ကလပ်အသင်းအချို့နဲ့ သတင်းတွေ ထွက်ခဲ့ပေမယ့် အခုထိ ဘယ်အသင်းကိုမှ ကိုင်တွယ်ခြင်းမရှိသေးတာပါ။ 

ဒီအချိန်မှာ ယူနိုက်တက်အသင်းဟာ ရလဒ်ဆိုးတွေကြောင့် နည်းပြ အဲရစ်တန်ဟတ်ကို ထုတ်ပယ်ဖို့ စဉ်းစားနေချိန် ဆောက်ဂိတ်ဟာ သူတို့ရဲ့ပစ်မှတ်အဖြစ် ထွက်ပေါ်လာခဲ့ပါတယ်။ 

ဆောက်ဂိတ်ကို တွေ့ရစဉ်

ဒါပေမယ့် ဆောက်ဂိတ်က သူဟာ နည်းပြလောကထဲကို ချက်ချင်းပြန်ပြီးဝင်မှာ မဟုတ်ဘူးလို့ ပြောခဲ့သလို ရှေ့ဆက်သွားမယ့် အရာတွေအတွက် အချိန်ယူပြီး စဉ်းစားဖို့လိုတယ်လို့ ပြောခဲ့တာပါ။

ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းကို ယူရိုဗိုလ်လုပွဲ ၂ ကြိမ်ဆက် ရောက်ရှိအောင် ပို့ဆောင်ပေးခဲ့ပေမယ့် ၂ ကြိမ် စလုံး ဒုတိယတွေနဲ့သာ ကျေနပ်ခဲ့ရတာပါ။

ဆောက်ဂိတ်ဟာ လာမယ့်နှစ်အထိ နည်းပြလောထဲကို ပြန်မဝင်ဘူးလို့ ပြောခဲ့တဲ့အတွက် ယူနိုက်တက်အသင်းဟာ နောက်ထပ် ပစ်မှတ်တွေကို ပြောင်းလဲပြီး ရှာဖွေနေတာဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အသင်းအကြီးအကဲတွေ တွေ့ဆုံပြီး အစည်းအဝေး ပြုလုပ်ခဲ့ပေမယ့် နည်းပြ အဲရစ်တန်ဟတ်ရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ခြင်းမရှိသေးတာပါ။ 

အဲဒါကြောင့် အဲရစ်တန်ဟတ်ဟာ လာမယ့် ဘရန်ဖို့ဒ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက်အသင်းကို ဆက်ပြီး ကိုင်တွယ်ခွင့်ရဖို့ရှိနေတာ ဖြစ်ပါတယ်။ 

Source: Metro