CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၂
စပိန်လူမျိုးနည်းပြ ဂွာဒီယိုလာက နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၄ ပွဲဆက်တိုက် အရေးနိမ့်ပြီး ရလဒ်တွေဆိုးနေတဲ့ မန်စီးတီးအသင်းကနေ သူမထွက်ခွာနိုင်ခဲ့ဘူးလို့ စာချုပ်သစ်ချုပ်ဆိုအပြီးမှာ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “ရိုးရိုးသားသားပြောရရင် ဒီရာသီက နောက်ဆုံးရာသီ ဖြစ်သင့်တယ်လို့တောင်ထင်ခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့လက ကြုံတွေ့ခဲ့ရတဲ့အခြေအနေတွေကြောင့် အခုအချိန်က ထွက်ခွာဖို့ အချိန်မဟုတ်သေးဘူးလို့ ကျနော်ခံစားခဲ့ရပါတယ်။ ၄ ပွဲဆက် ရှုံးနိမ့်ခဲ့တာကြောင့်လည်း ကျနော်မထွက်ခွာနိုင်ဘူးလို့ ခံစားရတာဖြစ်နိုင်ပါတယ်။ အခုအချိန်မှာ ကျနော်တို့ ရလဒ်ကောင်းတွေပြန်ရရှိအောင် လုပ်ဆောင်ရတော့မှာပါ။ မန်စီးတီးအသင်းမှာ ဆက်ရှိခွင့်ရလို့ ပျော်ရွှင်တယ်”လို့ ပြောခဲ့တာပါ။
ဂွာဒီယိုလာဟာ မန်စီးတီးအသင်းမှာ ၂၀၂၇ ခုနှစ် နွေရာသီအထိ ရှိမယ့် ၂ နှစ် စာချုပ်သစ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်ကတည်းက မန်စီးတီးအသင်းကို ရောက်ရှိလာခဲ့တဲ့ ဂွာဒီယိုလာဟာ အသင်းကို ပရီးမီးယားလိဂ်ဖလား ၆ လုံးအပါအဝင် ဆုဖလားပေါင်း ၁၈ လုံးအထိရယူနိုင်အောင် ကိုင်တွယ်နိုင် ခဲ့ပါတယ်။
ဂွါဒီယိုလာကို တွေ့ရစဉ်
ဂွာဒီယိုလာရဲ့အရင်စာချုပ်ဟာ ဒီရာသီကုန်ရင်ကုန်ဆုံးမှာဖြစ်ပေမယ့် မန်စီးတီးအသင်း ၄ ပွဲဆက်တိုက် ရှုံးနိမ့်ပြီးနောက်မှာ စာချုပ်သစ်ချုပ်ဆိုဖို့ဖြစ်လာခဲ့ပါတယ်။
ဂွာဒီယိုလာက မန်စီးတီးအသင်းနဲ့အတူ ရယူပြီးသားဖြစ်တဲ့ ဆုဖလားတွေကို ထပ်ပြီးရယူနိုင်ဖို့ မျှော်လင့်ပြီး ဒါက သူ့ရဲ့အာရုံစိုက်မှုဖြစ်လာမယ်လို့လည်း ပြောခဲ့တာပါ။
မန်စီးတီးအသင်းအကြီးအကဲ အယ်လ်မူဘာရက်ခ်က ဂွာဒီယိုလာဟာ အသင်းနဲ့အတူ ခရီးဆက်သွားမှာကို ဝမ်းမြောက်မိတယ်လို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာက ဦးဆောင်နေတဲ့ လီဗာပူးလ်အသင်းနဲ့ ၅ မှတ်ကွာဟနေတာကြောင့် ရလဒ်ကောင်းတွေပြန်ရယူပြီး လီဗာပူးလ်အသင်းကို ဖိအားပေးနိုင်ဖို့ မျှော်လင့်နေတာပါ။
မန်စီးတီးအသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ စပါးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:Goal