CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၁၅

စပါးအသင်းကို အနိုင်ရပြီး ပရီးမီးယားလိဂ်ဖလားကို မန်စီးတီးအသင်း ၄ နှစ်ဆက်တိုက် ရယူနိုင်ဖို့ နီးစပ်နေပေမယ့် နည်းပြ ဂွာဒီယိုလာက သူတို့အလုပ်မပြီးသေးဘူးလို့ ကစားသမားတွေကို သတိပေးလိုက်ပါတယ်။

ဂွာဒီယိုလာက “ကျနော်တို့ အဝတ်လဲခန်းထဲမှာ ပျော်ရွှင်ခဲ့ကြပေမယ့် သူတို့အလုပ်မပြီးသေးဘူးဆိုတာ သိပါတယ်။ တနင်္ဂနွေနေ့မှာ ကစားမယ့်ပွဲက ခက်ခဲမယ့်ပွဲပါ။ ဘယ်အသင်းမှ မလုပ်ဖူးတဲ့အရာတစ်ခုကို လုပ်ဖို့အတွက် ကျနော် တို့ ပွဲတစ်ပွဲကို အနိုင်ယူရပါမယ်။ အခုအချိန်မှာ အနားယူပြီးရင် ကျနော်တို့ လုပ်စရာရှိတဲ့ အရာကို အကောင်းဆုံး လုပ်ဆောင်သွားရမယ်”လို့ ပြောခဲ့တာပါ။

ပရီးမီးယားလိဂ် ပွဲကျန်အဖြစ် ကစားခဲ့တဲ့ စပါးအသင်းနဲ့ မန်စီးတီးအသင်းတို့ပွဲစဉ်မှာ မန်စီးတီးအသင်းက ၂ ဂိုး- ဂိုး မရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

မန်စီးတီးအသင်းအတွက် ၂ ဂိုးစလုံးကို တိုက်စစ်မှူး ဟာလန်းက သွင်းယူခဲ့တာပါ။ 

ဒီပွဲစဉ်ရဲ့ ပွဲပြီးဆုံးဖို့ မိနစ်အနည်းငယ်အလိုမှာ စပါးအသင်း ချေပဂိုးရရှိနိုင်မယ့် အခွင့်အရေးရခဲ့ပေမယ့် ဆွန်ဟောင်မင်ရဲ့ ကန်သွင်းချက်ကို မန်စီးတီးအသင်းဂိုးသမား အော်တီဂါ ကာကွယ်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

 ဂွာဒီယိုလာကို တွေ့ရစဉ်

အဲဒါကြောင့် မန်စီးတီးအသင်းဟာ စပါးအသင်းကို အနိုင်ရပြီး အဖိုးတန် ၃ မှတ်ရရှိသွားခဲ့တာပါ။

မန်စီးတီးအသင်းဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်အဆင့် ၁ နေရာကို ပြန်တက်နိုင်ခဲ့ပြီး အဆင့် ၂ နေရာက အာဆင်နယ်အသင်းကို ၂ မှတ် အသာရသွားခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ရာသီ နောက်ဆုံးပွဲစဉ်မှာ နိုင်ပွဲရယူနိုင်တာနဲ့ ပရီးမီးယားလိဂ်ဖလားကို စံချိန်တင် ၄ နှစ်ဆက်တိုက် ရယူနိုင်တော့မှာပါ။ 

ဒါပေမယ့် နည်းပြ ဂွာဒီယိုလာက သူတို့ဟာ နောက်ဆုံးပွဲကို အနိုင်ကစားဖို့ ကျန်ရှိသေးတာကြောင့် အလုပ် မပြီးသေးဘူးလို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။ 

မန်စီးတီးအသင်း နောက်ခံလူ ဝေါလ်ကာကလည်း အသင်းအနေနဲ့ နောက်ဆုံးပွဲစဉ်အတွက် အကောင်းဆုံး ပြင်ဆင်ပြီး နိုင်ပွဲနဲ့အတူ ကြီးကျယ်ခမ်းနားတဲ့ ကလပ်သမိုင်းကြောင်းကို ဖန်တီးနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့တာပါ။ 

ပရီးမီးယားလိဂ်ရာသီ နောက်ဆုံးပွဲစဉ်အဖြစ် မန်စီးတီးအသင်းက ဝက်စ်ဟမ်း၊ အာဆင်နယ်အသင်းက အဲဗာတန် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။  

Source: CNA