CNI Sport News

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၃၁

အာဆင်နယ်အသင်းဟာ နွေရာသီအပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ ချယ်လ်ဆီးအသင်း တိုက်စစ်ကစားသမား စတာလင်ကို ဒီရာသီအကုန်ထိ အငှားနဲ့ ခေါ်ယူလိုက်ပါတယ်။

ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ၃ နှစ်ကျန်ရှိနေသေးတဲ့ စတာလင်ဟာ ဒီရာသီနည်းပြသစ် မာရက်စ်ကာရဲ့ အစီအစဉ်မှာ မပါဝင်တာကြောင့် အသင်းက ထွက်ခွာခဲ့တာပါ။ 

စတာလင်ဟာ အပြောင်းအရွှေ့ နောက်ဆုံးနေ့မတိုင်ခင်မှာ ယူနိုက်တက်အသင်းနဲ့လည်း သတင်းထွက်ခဲ့ပေမယ့် နောက်ဆုံးမှာ အာဆင်နယ်အသင်းထံ အငှားနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

စတာလင်နဲ့ အာဆင်နယ်အသင်းတို့ရဲ့ အငှားစာချုပ်မှာ မဖြစ်မနေ အပြီးသတ်ဝယ်ယူခွင့်တော့ မပါဝင်ပါဘူး။

စတာလင်က “ဒါက မယုံနိုင်စရာကောင်းတဲ့ ခံစားချက်ဖြစ်ပြီး စိတ်လှုပ်ရှားဖို့လည်း ကောင်းပါတယ်။ အရာအားလုံးကို ကြည့်လိုက်ရင် ဒီအပြောင်းအရွှေ့က ကျနော့်အတွက် ပြီးပြည့်စုံပြီး အံ့ဝင်မှာပါ။ ဒီအပြောင်းအရွှေ့ ဖြစ်ခဲ့လို့လည်း ကျနော်ပျော်ရွှင်ပါတယ်။ စည်းလုံးညီညွတ်ပြီး အောင်ပွဲအတွက် ဆာလောင်နေတဲ့ အသင်းရဲ့အစိတ်အပိုင်းဖြစ်ချင်ပါတယ်”လို့ အပြောင်းအရွှေ့ ရအပြီးမှာ ပြောခဲ့တာပါ။

 စတာလင်ကို တွေ့ရစဉ်

စတာလင်ဟာ မန်စီးတီးအသင်းမှာ ကစားခဲ့ချိန်က အတူလက်တွဲခဲ့တဲ့ နည်းပြ အာတီတာနဲ့ အာဆင်နယ်အသင်းမှာ ထပ်ပြီးအလုပ်လုပ်ရတော့မှာဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းဟာ နွေရာသီအပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ စတာလင်အပါအဝင် ဘုန်းမောက်အသင်းဂိုးသမား နက်တိုကိုလည်း ရာသီအကုန်ထိ အငှားနဲ့ ခေါ်ယူခဲ့တာပါ။ 

လန်ဒန်ကလပ်ဟာ နွေရာသီ အပြောင်းအရွှေ့မှာ ပြီးခဲ့တဲ့ရာသီက ဘရန်ဖို့ဒ်အသင်းကနေ အငှားနဲ့ ခေါ်ယူခဲ့တဲ့ ဂိုးသမား ဒေးဗစ်ရာယာကို အပြီးသတ် ဝယ်ယူခဲ့သလို ဘိုလော့ဂ်နာအသင်းက ကာလာဖီအိုရီနဲ့ ဆိုစီဒက်အသင်းက မယ်ရီနိုတို့ကိုလည်း အပြီးသတ်ဝယ်ယူခဲ့ပါတယ်။ 

အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်ကောင်းရရှိနေပြီး အဖွင့်ပွဲစဉ် ၂ ပွဲစလုံး အနိုင်ရရှိထားကာ သြဂုတ် ၃၁ ရက်မှာ ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: ESPN