CNI Sport News

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၃၁

အာဂျင်တီးနားကစားသမားဟောင်း ဒီမာရီယာက ယူနိုက်တက်အသင်းနည်းပြဟောင်း ဗန်ဟားလ်က သူ့ရဲ့အဆိုးရွားဆုံးနည်းပြ ဖြစ်တယ်လို့ ESPN နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။ 

ဒီမာရီယာက “ကျနော့်ရဲ့အဆိုးရွားဆုံးနည်းပြက ဗန်ဟားလ်ဆိုတာ သေချာပါတယ်။ ခင်ဗျားတို့မှာ ဒါနဲ့ပတ်သက်ပြီး သံသယရှိတယ်ဆိုရင် ခင်ဗျားတို့အတွက် ကျနော်အခုချက်ချင်း ရှင်းလိုက်မယ်”လို့ ပြောခဲ့တာပါ။ 

ဒီမာရီယာဟာ ယူနိုက်တက်အသင်းမှာ နည်းပြ ဗန်ဟားလ် လက်အောက်မှာ ကစားခဲ့ချိန်က အဆင်မပြေမှုတွေဖြစ်ခဲ့ပြီး တစ်ရာသီကြာသာကစားကာ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ 

ဒီမာရီယာဟာ အရင်ကလည်း ဗန်ဟားလ်အပေါ်ဝေဖန်မှုတွေပြုလုပ်ခဲ့ဖူးတာပါ။ 

ဗန်ဟားလ်က ဒီမာရီယာဟာ ရိုးရှင်းတဲ့ ဘောလုံးသမားကောင်းဖြစ်ပေမယ့် ယူနိုက်တက်အသင်းမှာ ကစားခဲ့ချိန်က သူ့မှာ ကိုယ်ရေးကိုယ်တာကိစ္စတွေ အများကြီးရှိခဲ့တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဒီမာရီယာဟာ ရီးရယ်လ်အသင်းမှာ ကစားခဲ့ချိန်က ခြေစွမ်းပြသခဲ့ပေမယ့် ယူနိုက်တက်အသင်းမှာ ရုန်းကန်ခဲ့ရပြီး တစ်ရာသီကြာပွဲပေါင်း ၃၂ ပွဲကစားခဲ့တာမှာ ၄ ဂိုးသာသွင်းယူနိုင်ခဲ့တာပါ။ 

ဒီမာရီယာကို တွေ့ရစဉ်

ဒီမာရီယာဟာ အာဂျင်တီးနားအသင်းကို ၂၀၂၂ ကမ္ဘာ့ဖလား ရယူပေးနိုင်ခဲ့တဲ့ နည်းပြစကာလိုနီကို သူ့ရဲ့အကောင်းဆုံး နည်းပြတွေထဲက တစ်ဦးအဖြစ် ဖော်ပြခဲ့ပါတယ်။ 

ပီအက်စ်ဂျီအသင်း ကစားသမားဟောင်းက အာဂျင်တီးနားအသင်းနည်းပြဟောင်း ဖြစ်ခဲ့တဲ့ ဂန္ထဝင် မာရာဒိုနာကို သူ့ရဲ့အထူးနေရာ တစ်နေရာမှာ ထားရှိထားတာပါ။

ဒီမာရီယာက “မာရာဒိုနာဟာ ကျနော့်အတွက် မန်နေဂျာလိုမဟုတ်ဘဲ သူငယ်ချင်း၊ညီအစ်ကို၊ဖခင်လိုနဲ့ ပိုပြီးတူပါတယ်။ သူက ကျနော်ရှေ့ဆက်ဖို့ကူညီပေးသလို ဝေဖန်မှုတွေခံရတာများတဲ့အချိန်မှာလည်း ပိုပြီးထောက်ခံပေးပါတယ်။ သူက ကျနော့်အတွက်တော့ အရာအားလုံးပါပဲ”လို့ ပြောခဲ့ပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိ ဒီမာရီယာဟာ အာဂျင်တီးနားအသင်းအတွက် ၁၄၅ ပွဲကစားခဲ့ပြီး ၃၁ ဂိုးသွင်းယူကာ ကိုပါအမေရိကဖလား ၂ ကြိမ်၊ကမ္ဘာ့ဖလားနဲ့ အိုလံပစ်ရွှေတံဆိပ်ဆုတို့ကို ရယူနိုင်ခဲ့ကာ လက်ရှိ ဘင်ဖီကာအသင်းမှာ ကစားနေတာဖြစ်ပါတယ်။

Source: ESPN