CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၇
ဗြိတိန်ဝန်ကြီးချုပ် ဆာကီယာစတာမာက အက်စတွန်ဗီလာနဲ့ မက္ကာဘီတဲလ်အဗစ်တို့ရဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အစ္စရေးပရိသတ်တွေကို ပွဲတက်ရောက်ကြည့်ရှုခွင့် ပိတ်ပင်တဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။
West Midlands Police က နိုဝင်ဘာ ၆ ရက် ဗီလာပါ့ခ်မှာ ယှဉ်ပြိုင်မယ့်ပွဲစဉ်ဟာ ဘေးကင်းလုံခြုံမှုရှိရေး စိုးရိမ်မှုတွေကြောင့် အန္တရာယ်များတယ်လို့ ပြောခဲ့ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ အေဂျက်စ်နဲ့ မက္ကာဘီတဲလ်အဗစ်တို့ အမ်စတာဒမ်မှာ ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၂၄ ယူရိုပါလိဂ်ပွဲစဉ်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုနဲ့ အမုန်းတရားတွေ အပါအဝင် လက်ရှိအခြေအနေနဲ့ အရင်ဖြစ်ရပ်တွေအပေါ် အခြေခံပြီး ဆုံးဖြတ်ခဲ့တာလို့ ပြောခဲ့ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ဆာကီယာစတာမာက ဒါဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး ရဲတပ်ဖွဲ့တွေရဲ့ အခန်းကဏ္ဍက အကြမ်းဖက်ခံရမှာ ဒါမှမဟုတ် ခြိမ်းခြောက်မှုကို မကြောက်ဘဲ ဘောလုံးပရိသတ်တွေအားလုံး ပျော်ရွှင်အောင် ပြုလုပ်ပေးနိုင်ဖို့ ဖြစ်တယ်လို့ ဆိုရှယ်မီဒီယာ X မှာ ရေးသားခဲ့ပါတယ်။
အက်စတွန်ဗီလာအသင်းကလည်း သူတို့နဲ့ မက္ကာဘီတဲလ်အဗစ်တို့ ယှဉ်ပြိုင်မယ့် ယူရိုပါလိဂ်ပွဲစဉ်ကို အဝေးကွင်း ပရိသတ်တွေ တက်ရောက်ကြည့်ရှုနိုင်မှာ မဟုတ်ဘူးဆိုတာ အတည်ပြုတယ်လို့ ထုတ်ပြန်ထားပါတယ်။
အစ္စရေးအသင်း ပရိသတ်တွေကို တွေ့ရစဉ်
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာက အေဂျက်စ်အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်အပြီးမှာ မက္ကာဘီတဲလ်အဗစ်အသင်း ပရိသတ်တွေ ဟာ အမ်စတာဒမ်မှာ တိုက်ခိုက်မှုတွေ ခံခဲ့ရတာပါ။
ပြီးခဲ့တဲ့လက ဂရိကလပ် PAOK အသင်း ပရိသတ်တွေဟာ မက္ကာဘီတဲလ်အဗစ်အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ လူမျိုးသုဉ်း သတ်ဖြတ်မှုကို ရပ်တန့်ဖို့ဆိုပြီး ရေးသားထားတဲ့ စာတန်းတွေကို ကိုင်ဆောင်ခဲ့ပါတယ်။
အခုအပတ် အစောပိုင်းက ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ အစ္စရေးနိုင်ငံတော် သီချင်း သီဆိုချိန် အီတလီပရိသတ်တွေက လှောင်ပြောင်အော်ဟစ်မှုတွေ ပြုလုပ်ခဲ့ကြတာပါ။
အက်စတွန်ဗီလာအသင်းဟာ ယူရိုပါလိဂ်ပွဲစဉ် ၂ ပွဲ ကစားအပြီးမှာ ၂ ပွဲစလုံး အနိုင်ရရှိထားကာ မက္ကာဘီတဲလ် အဗစ် အသင်းက ၁ ပွဲသရေ၊ ၁ ပွဲရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။
Source: Metro