အဲရစ်ဆန်ကိုခေါ်ယူဖို့ ချန်ပီယံရှစ်ကလပ် ရက်ဇ်ဟမ်း ဆွေးနွေးခဲ့

CNI Sport News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၆

ချန်ပီယံရှစ်ပြိုင်ပွဲထံ တန်းတက်လာခဲ့တဲ့ ရက်ဇ်ဟမ်းအသင်းဟာ ယူနိုက်တက်အသင်း ကွင်းလယ်လူဟောင်း အဲရစ်ဆန်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ အေးဂျင့်ဖြစ်သူက အတည်ပြုခဲ့ပါတယ်။

ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆန်ဟာ ပြီးခဲ့တဲ့ရာသီအကုန်မှာ ယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့ပြီးနောက် လက်ရှိအချိန်မှာ အသင်းလက်မဲ့ ဖြစ်နေတာပါ။ 

ရက်ဇ်ဟမ်းအသင်းဟာ ချန်ပီယံရှစ်ပြိုင်ပွဲ ယှဉ်ပြိုင်ရမယ့် ရာသီသစ်မတိုင်မီ အသင်းရဲ့ကွင်းလယ်ပိုင်းကို အားကောင်းအောင် ပြုလုပ်ဖို့ ဆန္ဒပြင်းပြနေတာ ဖြစ်ပါတယ်။

အဲဒါကြောင့် ရက်ဇ်ဟမ်းအသင်းဟာ အေဂျက်စ်၊ စပါး၊ အင်တာမီလန်နဲ့ ယူနိုက်တက်အသင်းတို့မှာ ကစားခဲ့တဲ့ အဲရစ်ဆန်ကို ခေါ်ယူဖို့ပစ်မှတ်ထားနေပြီး သူကတော့ ထိပ်တန်းလိဂ်မှာ ကစားဖို့ဆန္ဒရှိနေတာပါ။ 

ရက်ဇ်ဟမ်းအသင်းဟာ ဟော်လီးဝုဒ် စူပါစတားတွေဖြစ်တဲ့ ရေနိုးလ်စ်၊ မက်အယ်လ်ဟန်နေတို့ရဲ့ ပံ့ပိုးမှုတွေနဲ့ ၃ နှစ်အတွင်း နေးရှင်းလိဂ်ကနေ ချန်ပီယံရှစ်ပြိုင်ပွဲထံ တန်းတက်ခဲ့တာဖြစ်ပါတယ်။ 

ပုံစာ- အဲရစ်ဆန်ကို တွေ့ရစဉ် 

ရက်ဇ်ဟမ်းအသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ နာမည်ကြီး ကစားသမားအချို့ကို ခေါ်ယူထားပြီး ရာသီသစ်မှာ အောင်မြင်မှုတွေ ရယူချင်တဲ့ သူတို့ရဲ့ရည်မှန်းချက်တွေကို ထင်ဟပ်စေခဲ့တာပါ။ 

ရက်ဇ်ဟမ်းအသင်းဟာ အဲရစ်ဆန်ကိုပါ ခေါ်ယူပြီး ချန်ပီယံရှစ်ပြိုင်ပွဲမှာ ပြိုင်ဘက်အသင်းတွေကို အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။ 

အဲရစ်ဆန်ရဲ့ အေးဂျင့်ဖြစ်သူက ရက်ဇ်ဟမ်းမှာ အထင်ကြီးစရာကောင်းတဲ့ ပရောဂျက်ရှိပေမယ့် ကစားသမားဟာ ထိပ်တန်းအဆင့်မှာ ကစားဖို့ဆန္ဒရှိနေဆဲဖြစ်ပြီး အနောက်ဥရောပမှာ ဆက်နေချင်နေတယ်လို့ ပြောခဲ့တာပါ။ 

အဲရစ်ဆန်ဟာ ရွေးချယ်စရာတွေကို ရှာဖွေနေပြီး ဥရောပတစ်ဝှမ်းရှိ ထိပ်တန်းလိဂ် ကလပ်အသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို စောင့်ဆိုင်းနေပါတယ်။ 

ရက်ဇ်ဟမ်းအသင်းကလည်း အဲရစ်ဆန်ကို ခေါ်ယူနိုင်ဖို့အတွက် ဆက်ပြီး ကြိုးပမ်းသွားဖို့ ရှိနေတာပါ။ 

ရက်ဇ်ဟမ်းအသင်းဟာ ရာသီသစ် ချန်ပီယံရှစ် အဖွင့်ပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်ကနေ တန်းဆင်းလာတဲ့ ဆောက်သမ်တန်အသင်းနဲ့ သြဂုတ် ၉ ရက်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: Goal