CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၆
အင်တာမိုင်ယာမီအသင်း ခေါင်းဆောင် မက်ဆီဟာ ပြီးခဲ့တဲ့ မေဂျာလိဂ် ALL-Star ရဲ့ပွဲစဉ်ကို ပါဝင်ခဲ့ခြင်း မရှိတာ ကြောင့် လာမယ့် မေဂျာလိဂ် ပွဲစဉ်ကို ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရတဲ့အတွက် အလွန်စိတ်ပျက်နေတယ်လို့ အသင်းပိုင်ရှင် ဂျော့ချ်မက်စ်က ပြောခဲ့ပါတယ်။
မက်ဆီနဲ့အတူ အသင်းဖော် အယ်လ်ဘာတို့ဟာ မက္ကဆီကိုလိဂ် ALL-Stars အသင်းနဲ့ပွဲစဉ်မှာ မေဂျာလိဂ် ALL-Star အသင်းအတွက် ပါဝင်ကစားခဲ့ခြင်း မရှိတာပါ။
မေဂျာလိဂ်ရဲ့ စည်းမျဉ်းအရ ALL-Star အသင်းရဲ့ ပွဲစဉ်ကို ပါဝင်ကစားခြင်းမရှိတဲ့ ကစားသမားတိုင်းဟာ သူတို့ ကလပ်ရဲ့ နောက်လာမယ့် ပွဲစဉ်ကို ပွဲပယ်ခံရမှာ ဖြစ်ပါတယ်။
အဲဒါကြောင့် မက်ဆီနဲ့ အယ်လ်ဘာတို့ဟာ လာမယ့် စင်စင်နာတီအသင်းနဲ့ မေဂျာလိဂ်ပွဲစဉ်မှာ အင်တာမိုင်ယာမီ အသင်းအတွက် ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။
မေဂျာလိဂ် အကြီးအကဲ ဒွန်ဂါဘာက မက်ဆီကို ပွဲပယ်ရတာဟာ အလွန်ခက်ခဲတဲ့ ဆုံးဖြတ်ချက် ဖြစ်ပေမယ့် သူတို့မှာ ကာလရှည်ကြာရှိနေတဲ့ မူဝါဒအရ ဒီလိုမျိုးလုပ်ဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။
မက်ဆီကို တွေ့ရစဉ်
အင်တာမိုင်ယာမီအသင်း ပိုင်ရှင် ဂျော့ချ်မက်စ်က စင်စင်နာတီအသင်းနဲ့ပွဲမှာ မပါဝင်နိုင်မယ့်အပေါ် မက်ဆီရော၊ အသင်းပါ အလွန်စိတ်ပျက်နေပြီး အရေးယူမှုက ပြင်းထန်လွန်းတယ်လို့ ထင်ကြောင်း မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့ပါတယ်။
အသက် ၃၈ နှစ်အရွယ်ရှိ မက်ဆီဟာ ဒီရာသီမှာ အင်တာမိုင်ယာမီအသင်းအတွက် မေဂျာလိဂ်ပွဲစဉ် ၁၈ ပွဲ ပါဝင် ကစားထားပြီး ၁၈ ဂိုး သွင်းယူထားကာ ပြိုင်ပွဲစုံ ၂၉ ပွဲမှာ ၂၄ ဂိုး သွင်းယူထားတာပါ။
မက်ဆီဟာ ဒီလထဲ ကစားခဲ့တဲ့ မေဂျာလိဂ် ၅ ပွဲမှာ အင်တာမိုင်ယာမီအသင်းအတွက် ၈ ဂိုးအထိ သွင်းယူပြီး ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။
မက်ဆီနဲ့ အင်တာမိုင်ယာမီအသင်း စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးမှာ ဖြစ်ပေမယ့် စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတာပါ။
အင်တာမိုင်ယာမီအသင်းဟာ ဒီရာသီ မေဂျာလိဂ်ပြိုင်ပွဲမှာ ၂၁ ပွဲ ကစားထားပြီး အရှေ့ပိုင်းဇုန် အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: ESPN