CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၂
အယ်လ်ဟီလယ်အသင်းဟာ သူတို့ရဲ့ များပြားတဲ့ ပွဲစဉ်အချိန်ဇယားတွေကြောင့် ဆော်ဒီစူပါဖလားပြိုင်ပွဲကို ဝင်ရောက် မယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ပြီး နုတ်ထွက်ခဲ့ပါတယ်။
အယ်လ်ဟီလယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အယ်လ်အစ်တီဟတ် အသင်းရဲ့နောက် အမှတ်ပေးဇယားအဆင့် ၂ နေရာမှာ ရပ်တည်ပြီး ရာသီအဆုံးသတ်ခဲ့တာပါ။
အယ်လ်ဟီလယ်အသင်းဟာ ပြီးခဲ့တဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အဖွင့်ပွဲစဉ်မှာ ရီးရယ်လ်အသင်းကို သရေကစားနိုင်ခဲ့သလို ၁၆ သင်းအဆင့်မှာ မန်စီးတီးအသင်းကို အနိုင်ယူကျော်ဖြတ် နိုင်ခဲ့ပါတယ်။
ဒါပေမယ့် အယ်လ်ဟီလယ်အသင်းဟာ ကွာတားဖိုင်နယ်မှာ ဘရာဇီးလ်ကလပ် ဖလူမီနန့်စ်အသင်းကို အရေးနိမ့်ပြီး ထွက်ခွာခဲ့ရတာပါ။
အယ်လ်ဟီလယ်အသင်းကို တွေ့ရစဉ်
ဆော်ဒီစူပါဖလားပြိုင်ပွဲကို သြဂုတ် ၁၉ ရက်ကနေ ၂၃ ရက်အထိ ဟောင်ကောင်နိုင်ငံမှာ ကျင်းပဖို့စီစဉ်ထားပြီး ဆော်ဒီပရိုလိဂ်ပြိုင်ပွဲကို သြဂုတ်နှောင်းပိုင်းထဲ ကျင်းပသွားမှာဖြစ်ပါတယ်။
အယ်လ်ဟီလယ်အသင်းဟာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ထားတဲ့အတွက် ကစားသမား တွေကို အနားပေးထားရတာပါ။
အဲဒါကြောင့် အယ်လ်ဟီလယ်အသင်းဟာ သူတို့ရဲ့ ရာသီကြိုပြင်ဆင်မှုတွေကိုလည်း ရွှေ့ဆိုင်းခဲ့ရပါတယ်။
ဆော်ဒီစူပါဖလားပြိုင်ပွဲကနေ အယ်လ်ဟီလယ်အသင်း နုတ်ထွက်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ရာသီလိဂ်ပြိုင်ပွဲမှာ အဆင့် ၅ နေရာရခဲ့တဲ့ အယ်လ်အာလီအသင်းက သူ့ရဲ့နေရာ အစားထိုး ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ။
ဒီနှစ် ဆော်ဒီ စူပါဖလားပြိုင်ပွဲကို အယ်လ်အစ်တီဟတ်၊ အယ်လ်ကတ်ဒ်ဆီယာ၊ အယ်လ်အာလီနဲ့ အယ်လ်နာဆာ အသင်းတို့ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
အယ်လ်ဟီလယ်အသင်းဟာ ဆော်ဒီ စူပါဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်ပြီး ဒီပြိုင်ပွဲမှာ ဆုဖလား ၅ ကြိမ်အထိ ရရှိကာ အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နေပါတယ်။
Source: CNA