CNI Sport News

၂၀၂၆ ခုနှစ်၊ မတ်လ ၂၀

အီရန်ဘောလုံးအသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင် တစ်ဦးဖြစ်တဲ့ တိုက်စစ်မှူး အက်ဇ်မွန်ဟာ အစိုးရအပေါ် သစ္စာမဲ့ တယ်လို့ ယူဆတဲ့ လုပ်ရပ်ကြောင့် လက်ရွေးစင်အသင်းကနေ ထုတ်ပယ်ခံရကြောင်း အီရန်မီဒီယာတွေက ဖော်ပြထားပါတယ်။ 

အဲ့ဒါကြောင့် အက်ဇ်မွန်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီရန်အသင်းအတွက် ပါဝင်ရဖွယ် မရှိတော့ပါဘူး။ 

အီရန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ဖို့ မသေချာ မရေရာပေမယ့် နိုင်ငံအသင်းအတွက် ၉၁ ပွဲ ကစားပြီး ၅၇ ဂိုး သွင်းယူထားတဲ့ အက်ဇ်မွန်မပါရင် တိုက်စစ်ပိုင်း အားနည်းမှုတွေ ရှိနိုင်တာဖြစ်ပါတယ်။

ယူအေအီးကလပ် ရှာဘတ်အယ်လ်အာလီအသင်းမှာ ကစားနေတဲ့ အက်ဇ်မွန်ဟာ ဒူဘိုင်းအကြီးအကဲ မိုဟာမက် ဘင်ရာရှစ် အယ်လ်မက်ခ်တွမ်နဲ့ တွေ့ဆုံနေတဲ့ပုံကို သူ့ရဲ့အင်စတာဂရမ်မှာ တင်ခဲ့တဲ့အပေါ် အီရန်အာဏာပိုင်က ဒေါသထွက်နေခဲ့တာပါ။

 အက်ဇ်မွန်ကို တွေ့ရစဉ်

ဒီဖြစ်ရပ်အပြီးမှာ အီရန်အသင်းဟာ အက်ဇ်မွန်ကို လက်ရွေးစင်အသင်းကနေ ထုတ်ပယ်ခဲ့ကြောင်း Fars News Agency က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ 

အက်ဇ်မွန်ဟာ နောက်ပိုင်းမှာ ဓါတ်ပုံတွေကို ဖယ်ရှားခဲ့ပေမယ့် အီရန်နိုင်ငံမှာ ဝေဖန်မှုတွေ အများအပြား ရှိနေပြီး ဘောလုံးဝေဖန်သုံးသပ်သူ မိုဟာမက်မီဆာဂီက အက်ဇ်မွန်ရဲ့ လုပ်ရပ်ဟာ သစ္စာမဲ့တဲ့ လုပ်ရပ်ကို ပြောခဲ့တာပါ။ 

အီရန်ဘောလုံးအဖွဲ့ချုပ်ကတော့ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုခဲ့တာကို ချက်ချင်း တုန့်ပြန်ခဲ့ခြင်း မရှိပါဘူး။ 

အီရန်ရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ အက်ဇ်မွန်ဟာ ဇင်းနစ်၊ လေဗာကူဆင်နဲ့ ရိုးမား အသင်းတွေမှာ ကစားခဲ့ပြီး အီရန်လက်ရွေးစင်အသင်းနဲ့ ၂၀၁၈၊ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ပါဝင်ခဲ့ပါတယ်။ 

Source: CNA