CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၁၉

အသင်းခေါင်းဆောင် မက်ဆီဟာ တံကောက်ကြောဒဏ်ရာကြောင့် အယ်လ်ဆာဗေးဒိုး၊ ကော်စတာရီကာ အသင်းတို့နဲ့ ကစားမယ့်ခြေစမ်းပွဲကို လွဲချော်မယ်လို့ အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်က ကြေညာခဲ့ပါတယ်။

မက်ဆီဟာ အင်တာမိုင်ယာမီအသင်းက နက်ရှ်ဗီလီအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကွန်ကာကပ်ဖ် ချန်ပီယံများဖလားပြိုင်ပွဲမှာ ဒဏ်ရာရခဲ့တာကြောင့် ဒုတိယပိုင်းအစမှာ လူစားလဲခံခဲ့ရပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိ မက်ဆီဟာ ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ ဒီစီယူနိုက်တက်အသင်းနဲ့ မေဂျာလိဂ်ပွဲစဉ်ကို မပါဝင်နိုင်ခဲ့ပါဘူး။ 

အင်တာမိုင်ယာမီအသင်းနည်းပြ မာတီနိုက မက်ဆီရဲ့ ဒဏ်ရာအခြေအနေကို အပတ်စဉ်တိုင်း အကဲဖြတ်မှု ပြုလုပ်ရမယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ အစောပိုင်းက သူတို့ရဲ့လူစာရင်းမှာ မက်ဆီကို ထည့်သွင်းထားခဲ့ပေမယ့် ကစားသမားရဲ့ ဒဏ်ရာကြောင့် အခုလထဲကစားမယ့် ခြေစမ်းပွဲတွေကို ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါ တယ်။

မက်ဆီကို တွေ့ရစဉ်

အာဂျင်တီးနားအသင်းဟာ မက်ဆီအပြင် တိုက်စစ်မှူး ဒိုင်ဘားလားနဲ့ ကွင်းလယ်လူ ပလာစီယိုစ်တို့ကိုလည်း ဒဏ်ရာကြောင့် ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ 

မက်ဆီကတော့ တံကောက်ကြောဒဏ်ရာကနေ ပြန်လည်ကောင်းမွန်ဖို့အတွက် အင်တာမိုင်ယာမီအသင်းမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေကို ဆက်လက် လုပ်ဆောင်သွားမှာပါ။

မက်ဆီဟာ ဒဏ်ရာ အခြေအနေကြောင့် နယူးယော့ခ်ရက်ဘူးလ်၊ နယူးယော့ခ်စီးတီးအသင်းတို့နဲ့ ကစားမယ့် မေဂျာလိဂ်ပွဲစဉ်တွေကို လွဲချော်ဦးမှာ ဖြစ်ပါတယ်။ 

အင်တာမိုင်ယာမီအသင်းက သူတို့အသင်းခေါင်းဆောင်ကို မက္ကဆီကိုကလပ် မွန်တာရေးအသင်းနဲ့ ကစားမယ့် ကွန်ကာကပ်ဖ်ချန်ပီယံများဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။ 

အင်တာမိုင်ယာမီအသင်းဟာ ဒီရာသီမေဂျာလိဂ်ပွဲစဉ် ၅ ပွဲ ကစားအပြီးမှာ ရမှတ် ၁၀ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတာပါ။

အာဂျင်တီးနားအသင်းဟာ ချန်ပီယံဆုဖလား ကာကွယ်ရမယ့် ၂၀၂၄ ကိုပါအမေရိကဖလား ပြိုင်ပွဲမတိုင်ခင် ဇွန်လထဲမှာ ခြေစမ်းပွဲ ၂ ပွဲယှဉ်ပြိုင်ဖို့ စီစဉ်ထားပြီး မက်ဆီကတော့ ဒီပွဲတွေမှာ နိုင်ငံအသင်းကို ဦးဆောင်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။ 

Source: ESPN