CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂

အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီက လာမယ့်နှစ်မှာ ကျင်းပမယ့် ကိုပါအမေရိကဖလားပြိုင်ပွဲထက် ကျော်လွန်ပြီး သူ့ရဲ့နိုင်ငံတကာ အနာဂတ်ကို တွေးတောနေမှာ မဟုတ်ဘဲ ဒီပြိုင်ပွဲမှာ ချန်ပီယံဆုရဖို့သာ အာရုံစိုက်ထားတယ်လို့ ပြောလိုက်ပါတယ်။

မက်ဆီက “ကျနော်ကောင်းမွန်တယ်လို့ ခံစားနေရပြီး ဒါကိုဆက်လုပ်နိုင်တယ်လို့ထင်ရင် အာဂျင်တီးနားအတွက် ဆက်ပြီးကစားမှာပါ။ အခုကျနော်တွေးနေတာက ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ချန်ပီယံဆုရယူနိုင်ဖို့နဲ့ ဒီပြိုင်ပွဲမှာ ကစားနိုင်ဖို့ပါ။ ကမ္ဘာ့ဖလားမှာ ပါဝင်ကစားမလား၊ မကစားဘူးလားဆိုတာတော့ အချိန်က စကားပြောသွားပါ လိမ့် မယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာဆိုရင် ကျနော့်အသက်က ၃၉ နှစ်ရှိပါပြီ၊ ပုံမှန်ဆိုရင်တော့ ကမ္ဘာ့ဖလားမှာ ကစားနိုင်ဖို့ မရှိပါဘူး”လို့ ESPN ကို ပြောခဲ့ပါတယ်။
အသက် ၃၆ နှစ်အရွယ်ရှိ မက်ဆီက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းကို ချန်ပီယံဆုရရှိအောင် ဦးဆောင် ပေးနိုင်ခဲ့ပြီးနောက် ဒီပြိုင်ပွဲဟာ သူ့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲလို့ ပြောခဲ့ပါတယ်။ 

နောက်ပိုင်းမှာတော့ မက်ဆီဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားနိုင်ဖို့နဲ့ ပတ်သက်ပြီး ယတိပြတ် ငြင်းဆိုထားခြင်း မရှိသေးဘဲ အာဂျင်တီးနားအသင်းနဲ့ သူ့ရဲ့ အကောင်းဆုံး အချိန်တွေကို ပျော်ရွှင်နေတယ်လို့ ပြောထားတာပါ။

မက်ဆီဟာ အာဂျင်တီးနားအသင်းနဲ့အတူ ၂၀၂၁ ကိုပါအမေရိကဖလား၊ ၂၀၂၂ Finalissima ဆုဖလားနဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ချန်ပီယံဆုတွေကို ရရှိထားပါတယ်။

မက်ဆီဟာ ဒီချန်ပီယံဆုတွေ မရယူနိုင်ခင်မှာ အဓိကပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲ ၃ ကြိမ်ဆက်တိုက် အရေးနိမ့်ခဲ့ပြီး အာဂျင်တီးနား လက်ရွေးစင် အသင်းကနေ အနားယူကြောင်း ကြေညာခဲ့ပါသေးတယ်။ 

ဒါပေမယ့် မက်ဆီဟာ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြောင်းခဲ့တာကြောင့် အခုလို အောင်မြင်မှုတွေကို ရယူနိုင်ခဲ့တာပါ။

၂၀၂၄ မှာ ကျင်းပမယ့် ကိုပါအမေရိကဖလား ပြိုင်ပွဲမှာတော့ တောင်အမေရိကဇုန်က ၁၀ သင်းနဲ့ ကွန်ကာကပ်ဖ်က ၆ သင်း ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပြိုင်ပွဲကို ဇွန်လ ၂၀ ရက်ကနေ ဇူလိုင် ၁၄ ရက်အထိ အမေရိကန်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသွားမှာ ဖြစ်ပါတယ်။ 

Source: CNA