CNI Sport News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၈

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်မှာ ပီရူးအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် အာဂျင်တီးနားအသင်းဟာ သမိုင်းတစ်လျှောက် အကောင်းဆုံးဖြစ်ဖို့ နီးစပ်နေပြီလို့ အသင်းခေါင်းဆောင် မက်ဆီက ပြောလိုက်ပါတယ်။

မက်ဆီက “ဒီအသင်း မယုံနိုင်လောက်ဖွယ် ကောင်းမွန်ပြီး သူတို့ကစားတိုင်းမှာ သူတို့ဟာ သမိုင်းတစ်လျှောက် အကောင်းဆုံးဖြစ်ဖို့ အလွန်နီးစပ်နေပါပြီ။ ကမ္ဘာ့ဖလားရယူပြီးနောက် ကျနော်တို့ဟာ ယုံကြည်မှုတွေ ပိုရှိလာသလို ပိုစည်းလုံးပြီး ခိုင်လည်းခိုင်မာလာခဲ့ပါတယ်။ ကျနော်တို့ ဆက်ပြီးတိုးတက်နိုင်ဖို့ မျှော်လင့်တယ်”လို့ ပြောပါတယ်။

ပီရူးအသင်းနဲ့ပွဲမှာ အာဂျင်တီးနားအသင်းအတွက် ၂ ဂိုးစလုံး သွင်းယူခဲ့တဲ့ မက်ဆီဟာ တောင်အမေရိကဇုန်ရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲသမိုင်းမှာ ဂိုးအများဆုံး သွင်းယူထားသူအဖြစ် စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။ 

မက်ဆီနဲ့ အာဂျင်တီးနား အသင်းကစားဖော်တွေကိုတွေ့ရစဉ်

မက်ဆီဟာ အရင်က ဥရုဂွေးလက်ရွေးစင် အသင်းရဲ့ ဘာစီလိုနာ အသင်းဖော်ဟောင်း ဆွာရက်ဇ်နဲ့ ၂၉ ဂိုးစီ တူညီ နေခဲ့ပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိ မက်ဆီဟာ ပီရူးအသင်းနဲ့ပွဲမှာ ၂ ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ၃၁ ဂိုးနဲ့ စံချိန်သစ် တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၄ ပွဲ ကစားအပြီးမှာ ရာနှုန်းပြည့် နိုင်ပွဲရရှိထားပြီး ဥရုဂွေး၊ ဘရာဇီးလ်၊ ဗင်နီဇွဲလားအသင်းတို့ထက် ၅ မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံအသင်းဟာ နိုဝင်ဘာလထဲမှာ ဥရုဂွေး၊ ဘရာဇီးလ်အသင်းတို့နဲ့ ခြေစစ်ပွဲတွေ ဆက်ပြီးယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

မက်ဆီဟာ ပီရူးအသင်းနဲ့ ပွဲစဉ်အပြီးမှာ ချားလော့အသင်းနဲ့ ကစားမယ့် အင်တာမိုင်ယာမီအသင်းထံ သွားရောက် ပူးပေါင်းရမှာပါ။ 

အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ်ရာသီ နောက်ဆုံးပွဲစဉ် ကစားအပြီး နိုဝင်ဘာလထဲမှာ တရုတ်နိုင်ငံကို သွားရောက်ကာ ခြေစမ်းပွဲ ၂ ပွဲကစားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

Source: Goal