CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၁၂
စပါးအသင်းက ပဲလေ့စ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တဲ့ တောင်ပံကစားသမား ကူလူဆက်ဗ်စကီးဟာ ယူနိုက်တက်အသင်းနဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ပါဝင်နိုင်မယ်လို့ ယုံကြည်ကြောင်း နည်းပြပိုစတီကိုဂလူးက ပြောခဲ့ပါတယ်။
ပိုစတီကိုဂလူးက “ဆေးအဖွဲ့က သူ့အခြေအနေကို အလွန်စိုးရိမ်ပူပန်မှု မရှိပါဘူး။ အဲဒါကြောင့် သူအဆင်ပြေဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ပဲလေ့စ်အသင်းနဲ့ပွဲစဉ်က အသင်းရဲ့ စွမ်းဆောင်ရည်ကတော့ စိတ်ပျက်ဖို့ကောင်းပြီး ပရီးမီးယားလိဂ်မှာ ကျနော်တို့လိုချင်တဲ့ အဆင့်ကို ရောက်ရှိဖို့ ဝေးကွာပါတယ်။ ကျနော်တို့ဟာ ပိုပြီးကောင်းအောင် စွမ်းဆောင်နိုင်မယ်လို့ထင်ကြောင်း”ပြောခဲ့တာပါ။
စပါးအသင်းနည်းပြ ပိုစတီကိုဂလူးဟာ ပဲလေ့စ်အသင်းနဲ့ပွဲစဉ်မှာ ပွဲထွက်လူစာရင်းကို အပြောင်းအလဲ အများအပြား ပြုလုပ်ခဲ့ပြီး ဆွီဒင်လက်ရွေးစင် ကူလူဆက်ဗ်စကီးကို ပွဲထွက်လူစာရင်းထဲ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
စပါးအသင်း ယှဉ်ပြိုင်နေစဉ်
ဒါပေမယ့် ကူလူဆက်ဗ်စကီးဟာ ပွဲချိန် ၁၉ မိနစ်မှာ ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် လူစားလဲမှုပြုလုပ်ခဲ့ရတာပါ။
ယူရိုပါလိဂ် ဗိုလ်လုပွဲ မတိုင်မီ ကူလူဆက်ဗ်စကီး ဒဏ်ရာရရှိသွားခဲ့တာကို စပါးအသင်း ပရိသတ်တွေက စိုးရိမ်မှု တွေရှိခဲ့ကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် စပါးအသင်းနည်းပြ ပိုစတီကိုဂလူးက ကူလူဆက်ဗ်စကီး ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ပါဝင်နိုင်မယ်လို့ ယုံကြည်နေတာပါ။
စပါးအသင်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကမှ ဘာ့ဂ်ဗောလ်နဲ့ မက်ဒီဆန်တို့ကို ဒဏ်ရာတွေကြောင့် ရာသီကုန်အထိ အနားပေးခဲ့ရတာ ဖြစ်ပါတယ်။
စပါးအသင်းဟာ ပဲလေ့စ်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ရှုံးပွဲ ၂၀ နဲ့ အမှတ်ပေးဇယားအဆင့် ၁၇ နေရာမှာ ရပ်တည်နေတာပါ။
စပါးအသင်းဟာ လာမယ့်ပွဲစဉ်အဖြစ် ဗီလာအသင်းနဲ့ ပရီးမီးယားလိဂ်၊ ပဲလေ့စ်အသင်းက မန်စီးတီးအသင်းနဲ့ FA ဖလားဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: besoccer