CNI Sport News

၂၀၂၅ ခုနှစ်၊ မေလ ၁၂

ဘာစီလိုနာအသင်းဟာ ရီးရယ်လ်အသင်းကို ၄ ဂိုး-၃ ဂိုးနဲ့ အနိုင်ရပြီး လာလီဂါဆုဖလားကို ရယူနိုင်ဖို့ နီးစပ်နေ ပေမယ့် နည်းပြဟန်ဆီဖလစ်က အာရုံစိုက်နေပြီး အချိန်မတန်မီအောင်ပွဲခံမှုကို ရှောင်ဖို့ ကစားသမားတွေကို တိုက်တွန်းခဲ့ပါတယ်။ 

ဟန်ဆီဖလစ်က “ကျနော်တို့ ချန်ပီယံဖြစ်နေပြီလို့ မခံစားရသေးတဲ့အတွက် ကစားသမားတွေလည်း ဒီလိုမျိုး ထင်မြင်ယူဆမယ်လို့ ကျနော်ယုံကြည်ပါတယ်။ လာလီဂါနဲ့ ကိုပါဒယ်ရေးဖလား ၂ ခုစလုံးရတာက ကောင်းမွန်ပြီး နိုင်ပွဲတစ်ပွဲက ကျနော်တို့အတွက် လုံလောက်မှုရှိပါတယ်။ ဒါပေမယ့် ဒါက ဘောလုံးပါ။ ကျနော်တို့ဟာ ကောင်းမွန် တဲ့ အနေအထားမှာ ရှိနေပေမယ့် ဘာတွေဖြစ်လာမလဲဆိုတာ ခင်ဗျားတို့ မသိနိုင်ပါဘူး။ ကျနော်တို့ဟာ ၃ ပွဲကစား ဖို့ ကျန်ရှိနေပြီး ပြိုင်ဘက်အားလုံးက ကျနော်တို့ကို အနိုင်ယူချင်တာကြောင့် အာရုံစိုက်ထားရမယ်”လို့ ပြောခဲ့ တာ ပါ။

ဘာစီလိုနာအသင်းဟာ ဒီပွဲစဉ်မှာ ရီးရယ်လ်အသင်းကို ဦးဆောင်ဂိုး ၂ ဂိုး ပေးခဲ့ရပေမယ့် အနောက်ကနေလိုက်ကာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူပြီး နိုင်ပွဲရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဘာစီလိုနာအသင်းဟာ ဒီရာသီ ရီးရယ်လ်အသင်းနဲ့ တွေ့ဆုံခဲ့တဲ့ ၄ ပွဲစလုံး နိုင်ပွဲရယူနိုင်ခဲ့တဲ့ မှတ်တမ်းကောင်း တစ်ခု ပိုင်ဆိုင်ခဲ့တာပါ။ 

ဘာစီလိုနာအသင်းဟာ ဒီနိုင်ပွဲကြောင့် လာလီဂါ အမှတ်ပေးဇယားကို ရမှတ် ၇ မှတ်ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဘာစီလိုနာနဲ့ရီးရယ်လ်အသင်း ယှဉ်ပြိုင်နေစဉ်

ဘာစီလိုနာအသင်းအနေနဲ့ လာမယ့် လာလီဂါပွဲစဉ်မှာ ရီးရယ်လ်အသင်းက မာယော့ကာအသင်းကို အနိုင်မရခဲ့ရင် ချန်ပီယံဆုကို ရယူနိုင်တော့မှာပါ။

ရီးရယ်လ်အသင်း အနိုင်ရခဲ့ရင်လည်း ဘာစီလိုနာအသင်းဟာ အက်စ်ပန်ညိုအသင်းနဲ့ ဒါဘီပွဲစဉ်မှာ အနိုင်ရခဲ့ရင် လာလီဂါ ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်တော့မှာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်ဟာ ၂ ဂိုးအရှုံးကနေ အနိုင်ရရှိအောင် ကစားနိုင်ခဲ့တဲ့ ကစားသမားတွေကို ချီးကျူးခဲ့ပေမယ့် ချန်ပီယံမဖြစ်သေးတဲ့အတွက် အာရုံစိုက်နေဖို့ ပြောခဲ့တာပါ။ 

ဘာစီလိုနာအသင်းဟာ ဒီရာသီ စပိန်စူပါဖလားနဲ့ ကိုပါဒယ်ရေးဖလားပြိုင်ပွဲ ဗိုလ်လုပွဲတွေမှာ ရီးရယ်လ်အသင်းကို အနိုင်ရပြီး ချန်ပီယံဆုရရှိထားပါတယ်။

အဲဒါကြောင့် ဘာစီလိုနာအသင်းဟာ လာလီဂါဖလား ရယူနိုင်ခဲ့ရင် တစ်ရာသီအတွင်း ပြည်တွင်းဆုဖလား ၃ ခု စလုံး ရယူနိုင်မှာဖြစ်ပါတယ်။ 

Source: CNA