CNI Sport News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၃

၂၀၂၅ စပိန်စူပါဖလား ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ ရီးရယ်လ်နဲ့ ဘာစီလိုနာ အသင်းတို့ပွဲစဉ်မှာ ဘာစီလိုနာအသင်း က ၅ ဂိုး-၂ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရပြီး ချန်ပီယံဆုကို ရရှိသွားခဲ့ပါတယ်။ 

ဒီပွဲမှာ ဘတ်ပီက ရီးရယ်လ်အသင်းအတွက် ဦးဆောင်ဂိုး စတင်သွင်းယူနိုင်ခဲ့ပေမယ့် ဘာစီလိုနာအသင်းအတွက် ယာမဲလ်၊ လီဝန်ဒေါစကီး၊ ဘယ်လ်ဒီတို့က ၁ ဂိုးစီသွင်းပြီး ရာဖင်ညာက ၂ ဂိုးသွင်းယူခဲ့တာပါ။ 

ဒီပွဲစဉ်ရဲ့ ပွဲချိန် ၅၆ မိနစ်မှာ ဘာစီလိုနာအသင်းဟာ ဂိုးသမား ဆက်ဇနီရဲ့ တိုက်ရိုက် အနီကတ်ကြောင့် ၁ ဦး လျော့နဲ့ ကစားခဲ့ရပြီးနောက် ရီးရယ်လ်အသင်းအတွက် ရိုဒရီဂိုက ချေပဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ရီးရယ်လ်အသင်းဟာ နောက်ထပ် ချေပဂိုးတွေ ထပ်ပြီး မသွင်းယူနိုင်ခဲ့တာကြောင့် ဘာစီလိုနာ အသင်းဟာ စပိန်စူပါဖလားချန်ပီယံဆုကို ရရှိခဲ့တာပါ။ 

ဘာစီလိုနာအသင်းဟာ စပိန်စူပါဖလား ချန်ပီယံဆုကို စံချိန်တင် ၁၅ ကြိမ်မြောက် ရယူနိုင်ခဲ့တာဖြစ်ပြီး မနှစ်က ရာသီက ရီးရယ်လ်အသင်းကို ဒီပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့တာပါ။ 

ဒါအပြင် ဘာစီလိုနာအသင်းဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းနဲ့ တွေ့ဆုံခဲ့တဲ့ ၂ ကြိမ်စလုံး ဂိုးပြတ်နိုင်ပွဲတွေ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဘာစီလိုနာအသင်းကို တွေ့ရစဉ်

ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က “ကျနော် အလွန်ဂုဏ်ယူမိပါတယ်။ အသင်းနဲ့ ပတ်သက်တဲ့သူတွေ အားလုံးအတွက် ဂုဏ်ယူမိပါတယ်။ ဒီပွဲက မယုံနိုင်စရာကောင်းတဲ့ပွဲပါ။ နည်းပြတွေအတွက်တော့ အများကြီး မဟုတ်ပေမယ့် ပရိသတ်တွေအတွက် တကယ့်ကို အံ့မခန်းဖွယ်ကောင်းပါတယ်။ ဒီပွဲ အပါအဝင် ကျနော်တို့ဟာ ပွဲတိုင်းကို သင်ယူရမှာပါ။ ကျနော့်အတွက်တော့ အခုအချိန်မှာ အရေးကြီးတာက လာမယ့်ပွဲကို အာရုံစိုက်ဖို့ပါ”လို့ ဘာစီလိုနာအသင်းနည်းပြဘဝ ပထမဆုံးဆုဖလား ရယူနိုင်ခဲ့ပြီးနောက် ပြောခဲ့တာပါ။ 

ဗိုလ်လုပွဲမှာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တဲ့ ဘာစီလိုနာအသင်း ကစားသမား ရာဖင်ညာက အရေးကြီး ဆုံးအရာက သူတို့ဟာ ဆုဖလားတွေအတွက် တိုက်ပွဲဝင်နိုင်ဖို့နဲ့ ဒီဆုဖလားတွေကို ရယူနိုင်ဖို့လို့ ပြောခဲ့ပါတယ်။ 

ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီကတော့ ဂိုးပြတ် ရှုံးနိမ့်မှုကြောင့် ဝမ်းနည်းပြီး စိတ်ပျက်မိတယ်လို့ ပြောကာ အသင်းခေါင်းဆောင် မိုဒရစ်က အသင်းပရိသတ်တွေကို တောင်းပန်ကြောင်း ပြောခဲ့ပြီး ရှုံးပွဲကနေ ပြန်လာနိုင်အောင် ကြိုးစားသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ 

ရီးရယ်လ်အသင်းဟာ လာမယ့်ပွဲစဉ်အဖြစ် ဆယ်လ်တာဗီဂိုအသင်းနဲ့ ကိုပါဒယ်ရေးဖလား ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဘာစီလိုနာအသင်းကလည်း ဘက်တစ်အသင်းနဲ့ ကိုပါဒယ်ရေးဖလားပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: ESPN