CNI Sport News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၀
ရီးရယ်လ်အသင်းဟာ စပိန်စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မာယော့ကာအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင် ရပြီး စပိန်စူပါဖလား ဗိုလ်လုပွဲ တက်နိုင်ခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ ၃ ဂိုးစလုံးကို ဒုတိယပိုင်းမှာ သွင်းယူခဲ့တာဖြစ်ပြီး ဂိုးတွေကို ဘယ်လင်ဂမ်၊ ရိုဒရီဂိုနဲ့ မာယော့ကာ အသင်းကစားသမား ဗယ်လ်ဂျန့်က ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့တာပါ။
ရီးရယ်လ်အသင်းဟာ နိုင်ပွဲကြောင့် လက်ရှိချန်ပီယံဆုကို ကာကွယ်ဖို့ ဗိုလ်လုပွဲ တက်နိုင်ခဲ့ပြီး ဗိုလ်လုပွဲမှာ ဘာစီလိုနာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့နှစ်က ဗိုလ်လုပွဲမှာ ဘာစီလိုနာအသင်းကို အနိုင်ရပြီး ချန်ပီယံဆုကို ရရှိခဲ့တာပါ။
ရီးရယ်လ်အသင်းကို တွေ့ရစဉ်
ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက “ကလက်ဆီကိုပွဲက အမြဲတမ်း ခန့်မှန်းလို့မရပါဘူး။ လာမယ့်ပွဲက ဘယ်လိုဖြစ်လာမလဲဆိုတာ ပြောဖို့ခက်ခဲပါတယ်။ ကွင်းထဲမှာ အရည်အသွေး ရှိတဲ့သူတွေ အများကြီးရှိတဲ့အတွက် ဖျော်ဖြေမှုပေးနိုင်မှာပါ။ အခုအချိန်မှာ အသင်းဟာ တိုးတက်မှုတွေရှိပါတယ်။ ဘယ်လင်ဂမ်က ခြေစွမ်းပြသနေပြီး သူဟာ ဗီနီစီးယက်စ်၊ ရိုဒရီဂိုတို့နဲ့ ပိုပြီးပေါင်းစပ်ကာ အလုပ်လုပ်နေပါတယ်”လို့ ပြောခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့နှစ်က ဗိုလ်လုပွဲမှာ ဘာစီလိုနာအသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရခဲ့ပေမယ့် ဒီရာသီလာလီဂါမှာ တွေ့ဆုံခဲ့တုန်းက ၄ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့တာပါ။
စပိန်စူပါဖလားပြိုင်ပွဲမှာ ဘာစီလိုနာအသင်းဟာ အအောင်မြင်ဆုံး အသင်းအဖြစ် ချန်ပီယံဆုကို ၁၄ ကြိမ်အထိ ရရှိထားပြီး ရီးရယ်လ်အသင်းက ၁၃ ကြိမ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
ရီးရယ်လ်နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ စပိန်စူပါဖလား ဗိုလ်လုပွဲကို ဇန်နဝါရီ ၁၃ ရက် မနက်ပိုင်းမှာ ယှဉ်ပြိုင်သွား ကြမှာ ဖြစ်ပါတယ်။
Source: BBC