CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၃
ဘာစီလိုနာအသင်းဟာ အသလက်တီကိုအသင်းကို အနိုင်ရပြီး စပိန်ကိုပါဒယ်ရေးဖလားပြိုင်ပွဲ ဗိုလ်လုပွဲကို တက်နိုင်ခဲ့ပြီးနောက် နည်းပြဟန်ဆီဖလစ်က ဆုဖလား ၃ လုံး ရယူနိုင်ဖို့အကြောင်းပြောဖို့ စောလွန်းတယ်လို့ ပြောခဲ့ပါတယ်။
ဟန်ဆီဖလစ်က “လူတိုင်းက ကျနော်တို့ကို ဗိုလ်လုပွဲအကြောင်း ပြောစေချင်နေတယ်ဆိုတာ ကျနော်သိပါတယ်။ ဒါကို နားလည်ပေမယ့် ကျနော်ဟာ အတိတ် ဒါမှမဟုတ် အနာဂတ်မှာ နေထိုင်နေတာ မဟုတ်ဘဲ ကျနော်တို့ရဲ့ အာရုံစိုက်မှုက လာမယ့် လာလီဂါပွဲ ဖြစ်သင့်ပါတယ်။ ကျနော်တို့အတွက် အလွန်ကောင်းမွန်တဲ့ အခိုက်အတန့်မှာ ရောက်ရှိနေတာကြောင့် အာရုံစိုက်ဖို့လိုပါတယ်။ အိပ်မက်မက်တာကို ခွင့်ပြုပေမယ့် အရင်ဆုံးအလုပ်ကိုကြိုးစားပြီး အာရုံစိုက်ရမှာပါ။ ဒါမှ ဒီအိပ်မက်က ရှင်သန်နိုင်မှာပါ”လို့ ပြောခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ ကိုပါဒယ်ရေးဖလားပြိုင်ပွဲ ဒုတိယအကျော့ပွဲစဉ်မှာ အသလက်တီကိုအသင်းကို ၁ ဂိုး-ဂိုး မရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒီနှစ်သင်းရဲ့ ပထမအကျော့ပွဲစဉ်က ၄ ဂိုးစီ သရေကျခဲ့တဲ့အတွက် နှစ်ကျော့ပေါင်း ရလဒ် ၅ ဂိုး-၄ ဂိုးနဲ့ ဘာစီလိုနာအသင်း အနိုင်ရပြီး ဗိုလ်လုပွဲကို တက်နိုင်ခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ ဗိုလ်လုပွဲမှာ ရီးရယ်လ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ဘာစီလိုနာနဲ့အသက်လက်တီကို ယှဉ်ပြိုင်နေစဉ်
ဘာစီလိုနာအသင်းဟာ ပြိုင်ပွဲစုံ ၂၁ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးသလို ၂၀၂၅ ခုနှစ်ထဲ ဥရောပထိပ်တန်း ၅ လိဂ်မှာ ရှုံးပွဲမရှိသေးတဲ့ တစ်သင်းတည်းသော အသင်းအဖြစ် ရပ်တည်နေတာပါ။
၂၀၀၉ နဲ့ ၂၀၁၅ ခုနှစ်တွေမှာ ဆုဖလား ၃ လုံး ရယူနိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းဟာ ဒီရာသီမှာလည်း ဆုဖလား ၃ လုံး ရယူနိုင်ဖို့ အခွင့်အရေးကောင်းတွေ ရှိနေတာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ လာလီဂါမှာ ရီးရယ်လ်အသင်းကို ၃ မှတ်အသာနဲ့ ဦးဆောင်ထားသလို ချန်ပီယံလိဂ်ပြိုင်ပွဲ မှာ ကွာတားဖိုင်နယ်ကို ရောက်ရှိနေတာပါ။
ဘာစီလိုနာအသင်းဟာ စပိန်စူပါဖလား ချန်ပီယံဆုကိုလည်း ရယူထားတာဖြစ်ပါတယ်။
ဘာစီလိုနာနဲ့ ရီးရယ်လ်အသင်းတို့ရဲ့ ကိုပါဒယ်ရေးဖလားပြိုင်ပွဲ ဗိုလ်လုပွဲကို ဧပြီ ၂၆ ရက်မှာ ကျင်းပသွားမှာပါ။
ဘာစီလိုနာအသင်းဟာ လာမယ့် လာလီဂါပွဲစဉ်အဖြစ် ဘက်တစ်အသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:CNA