CNI Sport News

၂၀၂၅ ခုနှစ်၊ မေလ ၁၂

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က အသင်းအနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဆိုးရွားတဲ့ပုံစံ ဆက်ပြီးရှိနေရင် သူထွက်ခွာသွားနိုင်တယ်လို့ ဝက်စ်ဟမ်းအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်တဲ့ ပွဲအပြီးမှာ ဝန်ခံခဲ့ပါတယ်။

အာမိုရင်က “လက်ရှိအခြေအနေက ရှက်ဖို့ကောင်းပြီး လက်ခံဖို့ခက်ခဲပါတယ်။ ယူနိုက်တက်လို အသင်းအနေနဲ့ ပွဲရှုံးရမှာကို ကြောက်ရွံ့မှု မရှိတော့ဘူးဆိုရင် ဒါက အသင်းကြီးတွေအတွက် အန္တရာယ်အရှိဆုံးအရာပါ။ ဒီမှာရှိတဲ့ လူတိုင်းအနေနဲ့ ကိစ္စအများအပြားကို လေးလေးနက်နက် စဉ်းစားဖို့လိုပါတယ်။ လူတိုင်းက ဗိုလ်လုပွဲအကြောင်းကို တွေးနေပေမယ့် ဒီထက်ပိုကြီးမားတဲ့ စဉ်းစားစရာတွေရှိပါတယ်။ ကျနော်တို့ဟာ ဒီလိုမျိုးတွေ နောက်ရာသီမှာရှိမှာ မဟုတ်တဲ့အတွက် နွေရာသီမှာ သန်မာပြီး သတ္တိရှိဖို့လိုပါတယ်။ ပြောင်းလဲမှု မလုပ်နိုင်ရင်တော့ မတူညီတဲ့လူတွေ ကို နေရာပေးသင့်ပါတယ်”လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ဝက်စ်ဟမ်းအသင်းကို အရေးနိမ့်ပြီးနောက် ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၃၆ ပွဲကစား အပြီးမှာ ၁၇ ပွဲအထိ ရှုံးပွဲကြုံတွေ့ကာ အမှတ်ပေးဇယားအဆင့် ၁၆ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ 

နည်းပြအာမိုရင် လက်ထက်မှာ ပရီးမီးယားလိဂ်ရှုံးပွဲ ၁၃ ပွဲအထိ ကြုံတွေ့ထားတဲ့ ယူနိုက်တက်အသင်းဟာ ဇန်နဝါရီ ၂၆ ရက် နောက်ပိုင်း ကစားထားတဲ့ပွဲတွေမှာ လက်စတာနဲ့ အစ်စဝှစ်ချ်အသင်းတွေကိုသာ အနိုင်ရ ယူနိုင်ခဲ့တာပါ။ 

ယူနိုက်တက်အသင်းကို တွေ့ရစဉ်

ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၇ ပွဲစလုံး နိုင်ပွဲပျောက်ဆုံးနေခဲ့ပြီး အဆိုးရွားဆုံး အခြေအနေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ၁၉၇၄ ခုနှစ်က ဒုတိယတန်းကို တန်းဆင်းပြီးနောက်ပိုင်း လက်ရှိရပ်တည်မှုဖြစ်တဲ့ အဆင့် ၁၆ က သူတို့ရဲ့လိဂ်မှာ အဆိုးရွားဆုံးအဆင့် ရပ်တည်မှုဖြစ်နေတာပါ။ 

မန်ချက်စတာကလပ်ဟာ ပရီးမီးယားလိဂ်မှာ ရလဒ်တွေ ဆိုးနေပေမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲကို တက်ရောက်ထား ပြီး စပါးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က သူဟာ ဗိုလ်လုပွဲအတွက် စိုးရိမ်မှုမရှိဘဲ လာမယ့် ပရီးမီးယားလိဂ်ပွဲမှာ အများကြီး တိုးတက်မှုရှိအောင် လုပ်ဖို့လိုတယ်လို့ ပြောခဲ့တာပါ။ 

ယူနိုက်တက်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: BBC