CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၃

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA)ရဲ့ အမှုဆောင်အရာရှိချုပ် မာ့ခ်ဘူလင်ဂမ်က အခုနွေရာသီမှာ နည်းပြ ဆောက်ဂိတ် အင်္ဂလန်အသင်းက ထွက်ခွာသွားခဲ့ရင် သူ့နေရာမှာ အစားထိုးဖို့ အစီအစဉ် လုပ်ဆောင်ထားတယ်လို့ ပြောခဲ့ပါတယ်။

မာခ့်ဘူလင်ဂမ်က “ဆောက်ဂိတ်အတွက် ချဉ်းကပ်မှု မရှိသေးပါဘူး။ သူဟာ ယူရိုပြိုင်ပွဲအပြီးမှာ ဆွေးနွေးမှုတွေ ပြုလုပ်ချင်တယ်ဆိုတာ ရှင်းပါတယ်။ အခုအချိန်မှာ ကျနော်တို့ဟာ သူနဲ့အသင်းအတွက် အနှောင့်အယှက်ဖြစ်မယ့် အရာတွေ မပြုလုပ်ချင်ပါဘူး။ သူဟာ ကောင်းမွန်တဲ့ အလုပ်တစ်ခု လုပ်နိုင်ခဲ့တယ်လို့ ကျနော်ထင်ပါတယ်။ ဘယ် အဖွဲ့အစည်းမဆို သူတို့ရဲ့ထိပ်တန်း ဝန်ထမ်းတွေအတွက် ဆက်ခံမယ့် အစီအစဉ်ရှိတယ်ဆိုတာ ကျနော်အရင်က ပြောခဲ့ဖူးပါတယ်”လို့ ပြောခဲ့တာပါ။

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ မကြာသေးခင်က ဂျာမန်သတင်းစာ Bild နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အင်္ဂလန်အသင်းအနေနဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ချန်ပီယံမဖြစ်ခဲ့ရင် သူထွက်ခွာနိုင်တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။ 

ဆောက်ဂိတ်နဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီဇင်ဘာရောက်ရင် ကုန်ဆုံးမှာဖြစ်ပြီး သူကတော့ ယူရို ၂၀၂၄ ပြိုင်ပွဲအပြီးမှ အနာဂတ်ကို ဆုံးဖြတ်မယ်လို့ ပြောထားတာပါ။

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ကိုတွေ့ရစဉ်

၂၀၁၆ ခုနှစ်ကတည်းက အင်္ဂလန်အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ ဆောက်ဂိတ်ကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ဆက်ပြီးကိုင်တွယ်စေမယ့် စာချုပ်သစ်ချုပ်ဆိုဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ 

ဆောက်ဂိတ်ဟာ ယူနိုက်တက်အသင်း နည်းပြရာထူးအတွက် ချိတ်ဆက်မှုတွေ ခံခဲ့ရပေမယ့် ယူနိုက်တက်အသင်း ဟာ နည်းပြ အဲရစ်တန်ဟတ်ကိုပဲ လာမယ့်ရာသီဆက်ပြီး ကိုင်တွယ်စေဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဆောက်ဂိတ်ဟာ သူကိုင်တွယ်နေတဲ့ ကာလအတွင်းမှာ အင်္ဂလန်အသင်းကို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်၊ ယူရို ၂၀၂၀ ပြိုင်ပွဲဗိုလ်လုပွဲနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ် ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: ESPN