CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၄

စပိန်ဂိုးသမား ကီပါဟာ ချယ်လ်ဆီးအသင်းဖော်တွေနဲ့ သီးခြားလေ့ကျင့်မှု ပြုလုပ်နေပြီး နွေရာသီအပြောင်းအရွှေ့မှာ အသင်းက ထွက်ခွာဖို့ရှိနေတာ ဖြစ်ပါတယ်။

ကီပါဟာ ပြီးခဲ့တဲ့ရာသီက ရီးရယ်လ်အသင်းမှာ အငှားသွားရောက်ကစားခဲ့ပြီး အပြီးသတ်ပြောင်းရွှေ့နိုင်ဖို့ မျှော်လင့်ခဲ့တာပါ။ ဒါပေမယ့် ရီးရယ်လ်အသင်းက သူ့ကို အပြီးသတ် မခေါ်ယူခဲ့တာကြောင့် ကီပါဟာ ရာသီကြိုလေ့ကျင့်မှုတွေပြုလုပ်ဖို့ ကော့ဘ်ဟမ်းကို ပြန်လည်ရောက်ရှိလာခဲ့တာပါ။ 

နိုင်ငံတကာပွဲစဉ်တွေ ယှဉ်ပြိုင်မကစားခဲ့တဲ့ ချယ်လ်ဆီးအသင်း ကစားသမားတွေဟာ ပြီးခဲ့တဲ့ရက်အနည်းငယ်က နည်းပြသစ် မာရက်စ်ကာလက်အောက်မှာ လေ့ကျင့်မှုတွေ ပြန်လည်ခဲ့ကြတာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ကီပါကတော့ ချယ်လ်ဆီးအသင်းဖော်တွေနဲ့ သီးခြားလေ့ကျင့်မှုတွေ ပြုလုပ်နေတာပါ။ 

ချယ်လ်ဆီးအသင်းဟာ ကီပါကို အမြန်ဆုံးရောင်းချပြီး အပြောင်းအရွှေ့အတွက် ငွေကြေးရှာဖွေချင်နေတာ ဖြစ်ပါတယ်။ 

ချယ်လ်ဆီးအသင်းနဲ့ စာချုပ် ၁ နှစ်သာကျန်ရှိတော့တဲ့ ကီပါကို ခေါ်ယူဖို့ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ်အသင်းက စိတ်ဝင်စားနေတာပါ။ 

၂၀၁၈ ခုနှစ်က ဘီလ်ဘာအိုအသင်းကနေ ပေါင် ၇၁ သန်းနဲ့ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ကီပါဟာ အခုအချိန်အထိ ကမ္ဘာ့ဈေးအကြီးဆုံးဂိုးသမားအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ 

ကီပါဟာ ချယ်လ်ဆီးအသင်းနဲ့ ပွဲဦးထွက်ရာသီမှာ လက်စွမ်းပြသနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ လက်စွမ်းကျဆင်းခဲ့ပြီး မန်ဒီရဲ့ အရန်ဂိုးသမားဖြစ်ခဲ့တာပါ။ 

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ဂိုးသမားတွေဖြစ်တဲ့ ရောဘတ်ဆန်းချက်ဇ်နဲ့ ပီထရိုဗစ်တို့ကို ခေါ်ယူခဲ့တာကြောင့် ကီပါရဲ့ အနာဂတ်ဟာ မရေမရာဖြစ်လာခဲ့ပါတယ်။ 

အဲ့ဒါကြောင့် ကီပါဟာ ဂိုးသမား ကော့တွိုက်စ်ဒဏ်ရာကြောင့် အနားယူရမယ့် ရီးရယ်လ်အသင်းကို အငှားနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ကီပါဟာ ရီးရယ်လ်အသင်းမှာလည်း ဂိုးသမား လူနင်ကို မကျော်ဖြတ်နိုင်ခဲ့ပေမယ့် လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလားရယူပြီး ကလပ်အသင်းကနေ ထွက်ခွာခဲ့တာပါ။ 

ကီပါဟာ ချယ်လ်ဆီးအသင်းနဲ့အတူ  ချန်ပီယံလိဂ်၊ယူရိုပါလိဂ်၊ ဥရောပစူပါဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုတို့ကို ရယူနိုင်ခဲ့ပြီး FA ဖလားနဲ့ လိဂ်ဖလားဗိုလ်လုပွဲတွေရောက်ရှိအောင်လည်း ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။ 

Source: metro