CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၇

မန်စီးတီးအသင်းဟာ ကိုပင်ဟေဂင်အသင်းကို ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၀ ပွဲဆက်တိုက်အနိုင်ရတဲ့ ပထမဆုံးအင်္ဂလန် ကလပ်အသင်းအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

ဒီပွဲမှာ မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ယူနိုက်တက်အသင်းနဲ့ပွဲစဉ်က ပွဲထွက်လူစာရင်းကို ၇ ဦးအထိ အပြောင်းအလဲ ပြုလုပ်ပြီး ပွဲထွက်လာခဲ့ပေမယ့် ကိုပင်ဟေဂင်အသင်းကို ဂိုးပြတ်အနိုင်ယူနိုင်ခဲ့တာပါ။  

မန်စီးတီးအသင်းအတွက် ဂိုးတွေကို အကန်ဂျီ၊ အယ်လ်ဗားရက်စ်နဲ့ ဟာလန်းတို့က သွင်းယူခဲ့တာဖြစ်ပြီး ကိုပင်ဟေဂင်အသင်းအတွက် ချေပဂိုးကို အယ်လ်ယွန်နက်ဆီက သွင်းယူခဲ့တာ ဖြစ်ပါတယ်။ 

မန်စီးတီးအသင်းဟာ ပထမအကျော့ကလည်း ကိုပင်ဟေဂင်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၆ ဂိုး-၂ ဂိုးနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့တာပါ။

မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ကို ၇ နှစ်ဆက်တိုက် တက်နိုင်ခဲ့တာဖြစ်သလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၀ ပွဲဆက်နိုင်ပွဲ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းနဲ့ ကိုပင်ဟေဂင်အသင်း ယှဉ်ပြိုင်နေစဉ်

အဲဒါကြောင့် မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ် ၁၀ ပွဲဆက်အနိုင်ရတဲ့ ပထမဆုံးအင်္ဂလန်ကလပ်ဖြစ်ခဲ့သလို ၂၀၁၅ ခုနှစ်က ရီးရယ်လ်၊ ၂၀၁၃ နဲ့ ၂၀၂၀ ခုနှစ်က ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ စံချိန်နဲ့ တူညီသွားခဲ့တာပါ။ 

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာကတော့ သူတို့ဟာ လန်းဆန်းတဲ့ ခြေထောက်တွေ လိုအပ်တာကြောင့် လူစာရင်း အပြောင်းအလဲ ပြုလုပ်ခဲ့ရတယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ဂွာဒီယိုလာက “ဒီပွဲမှာ ကျနော်တို့ဟာ စွမ်းအင်တွေနဲ့ လန်းဆန်းတဲ့ ခြေထောက်တွေ လိုအပ်ပါတယ်။ ကျနော့် ကစားသမားတွေ ဘယ်လောက်ပင်ပန်း၊ မောပန်းနေလဲဆိုတာကို ကျနော်သိပါတယ်။ ကျနော်တို့ တနင်္ဂနွေနေ့မှာ ပွဲကစားရမှာဖြစ်လို့ လန်းဆန်းတဲ့ ခြေထောက်တွေလိုပါတယ်။ ဆုဖလားတွေရဲ့ အစိတ်အပိုင်းဖြစ်ဖို့အတွက် လူတိုင်းလိုအပ်ပါတယ်။ ကျနော်တို့ဟာ ဥရောပရဲ့ အကောင်းဆုံး ၈ သင်းထဲမှာ နောက်ထပ်တစ်နှစ် ထပ်ပြီးရှိနေ ပါပြီ။ ကျနော်တို့ ပြိုင်ပွဲအားလုံးမှာ ရှိနေတဲ့အတွက် ဝမ်းသာတယ်”လို့ ပြောကြားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်သလို ဒီရာသီမှာလည်း ချန်ပီယံဆုကို ရယူနိုင်ဖို့ ရေပန်းစားနေတာ ဖြစ်ပါတယ်။ 

မန်စီးတီးအသင်း နောက်ခံလူ အကန်ဂျီကတော့ သူတို့ဟာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေပေမယ့် ဒါကိုသက်သေပြဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။

လက်ရှိအချိန်မှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို မန်စီးတီးအသင်းအပြင် ဘိုင်ယန်မြူးနစ်၊ ရီးရယ်လ်နဲ့ ပီအက်စ်ဂျီအသင်းတို့ တက်ရောက်ထားတာပါ။ 

မန်စီးတီးအသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: Daily Mail