CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၆

အာဂျင်တီးနား ယူ-၂၃ အသင်းနည်းပြ မာရှေယာနိုက ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ မက်ဆီပါဝင်ဖို့နဲ့ ပတ်သက်ပြီး စကားပြောဆိုခဲ့ပေမယ့် လွယ်ကူတဲ့ အခြေအနေ မဟုတ်ဘူးလို့ပြောခဲ့ပါတယ်။

မာရှေယာနိုက “ကျနော် မက်ဆီနဲ့ စကားပြောခဲ့ပြီး ဆက်ပြောဖို့လည်း သဘောတူညီမှု ရရှိထားပါတယ်။ သူဟာ အင်တာမိုင်ယာမီနဲ့ ရာသီစတင်နေပြီး အိုလံပစ်ပြိုင်ပွဲ မတိုင်ခင်အထိ အချိန်အနည်းငယ် ကျန်ရှိနေပါသေးတယ်။ သူဟာ နွေရာသီမှာ ကိုပါအမေရိကပြိုင်ပွဲ ယှဉ်ပြိုင်ဦးမှာဖြစ်လို့ ကျနော်တို့ ပြန်စဉ်းစားရမှာဖြစ်ပြီး လွယ်ကူတဲ့ အခြေအနေ မဟုတ်ပါဘူး။ ပြီးတော့ အင်တာမိုင်ယာမီအတွက် မေဂျာလိဂ်ပြိုင်ပွဲကို လွဲမှာက သူ့အတွက် မလွယ်ကူ ပါဘူး။ အချိန်တန်ရင် ဒါကိုသူဆုံးဖြတ်မှာပါ”လို့ TyC Sports ကို ပြောခဲ့တာပါ။

အာဂျင်တီးနား ယူ-၂၃ အသင်းဟာ လာမယ့် အိုလံပစ်ပြိုင်ပွဲမှာ အသက် ၂၃ နှစ်အထက် ကစားသမား ၃ ဦထဲက ၁ ဦးအဖြစ် မက်ဆီကို ရွေးချယ်ဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။ 

မက်ဆီဟာ ကိုပါအမေရိကပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းကို ဦးဆောင်ဖို့ ရှိနေတာကြောင့် အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့က အခွင့်အရေးနည်းပါးနေတာပါ။

အိုလံပစ်ပြိုင်ပွဲကို ဇူလိုင် ၂၄ ရက်ကနေ သြဂုတ် ၁၀ ရက်အထိ ကျင်းပမှာဖြစ်ပြီး ကိုပါအမေရိကပြိုင်ပွဲကိုတော့ ဇွန် ၂၀ ရက်ကနေ ဇူလိုင် ၁၀ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ 

 အာဂျင်တီးနားအသင်း ယူ-၂၃ ကိုတွေ့ရစဉ်

အင်တာမိုင်ယာမီအသင်းဟာ ဒီကာလတွေမှာ မေဂျာလိဂ်နဲ့ လိဂ်ဖလားပွဲစဉ်တွေ ယှဉ်ပြိုင်ရဖို့ရှိနေတာပါ။

အင်တာမိုင်ယာမီအသင်းနည်းပြ မာတီနိုကတော့ သူ့ရဲ့အသင်းမှာရှိတဲ့ တောင်အမေရိက ကစားသမားတွေအနေနဲ့ ပြိုင်ပွဲတစ်ခုကိုသာ ရွေးချယ်ပြီး ပါဝင်ရမယ်လို့ ပြီးခဲ့တဲ့လက ပြောထားပါတယ်။

မာရှေယာနိုကတော့ မက်ဆီအပြင် အက်စတွန်ဗီလာအသင်းဂိုးသမား မာတီနက်ဇ်ကို အိုလံပစ်ပြိုင်ပွဲဝင်မယ့် လူစာရင်းမှာ ရွေးချယ်ချင်နေတာပါ။ 

မာတီနက်ဇ်ဟာ အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ကစားဖို့ ဆန္ဒရှိတယ်လို့ ပြောထားပေမယ့် အာဂျင်တီးနား ယူ-၂၃ အသင်း က ရွေးချယ်ခံရင် အက်စတွန်ဗီလာအသင်းက သူတို့ရဲ့ဂိုးသမားကို လွှတ်ပေးဖို့ ရှိ၊မရှိတော့ မသိရသေးပါဘူး။

အာဂျင်တီးနားအသင်းဟာ ၂၀၀၄ အေသင် အိုလံပစ်ပြိုင်ပွဲနဲ့ ၂၀၀၈ ဘေဂျင်း အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ် ရယူပြီး နောက် အိုလံပစ်ပြိုင်ပွဲမှာ အောင်မြင်မှုတွေနဲ့ ဝေးကွာနေပြီး နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲ ၂ ခုမှာ အုပ်စုအဆင့်နဲ့ သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ 

Source: ESPN