CNI Sport News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇

ဘိုင်ယန်မြူးနစ်အသင်း နည်းပြသစ်ဖြစ်လာဖို့ ချိတ်ဆက်မှုတွေ ခံနေရတဲ့ ဇီဒန်းက နည်းပြလောကထဲ ပြန်လာဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောလိုက်ပါတယ်။

ဇီဒန်းက “နည်းပြလောကထဲ ပြန်လာဖို့ ဘာကြောင့် မဖြစ်နိုင်ရမှာလဲ။ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ အခုအချိန်မှာ တော့ ကျနော်ဟာ အခြားအရာတွေကို လုပ်နေတာကြောင့် ဘာတွေဖြစ်လာမလဲဆိုတာ မြင်တွေ့ရပါလိမ့်မယ်။ သေချာတာကတော့ ကျနော်ဟာ ခုံတန်းပေါ်ဆီ ပြန်သွားချင်တယ်ဆိုတာပါပဲ”လို့ ပြောခဲ့တာပါ။

ဇီဒန်းဟာ ဂျူဗင်တပ်စ်နဲ့ အီတလီအသင်း နည်းပြဟောင်း မာဆယ်လိုလစ်ပီရဲ့ အကြောင်း မှတ်တမ်းရုပ်ရှင် ပြသတာကို တက်ရောက်ခဲ့ပြီးနောက် သူ့ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ဆွေးနွေးမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းရဲ့နည်းပြ တူချယ်လ်ဟာ ဒီရာသီအကုန်မှာ ထွက်ခွာတော့မှာဖြစ်လို့ ဂျာမန်ကလပ်ဟာ ရီးရယ်လ်အသင်းနည်းပြဟောင်း ဇီဒန်းကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေတာပါ။ 


ဇီဒန်းကို တွေ့ရစဉ်

ဇီဒန်းဟာ ရီးရယ်လ်အသင်းကနေ ထွက်ခွာခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတည်းက နည်းပြလောကနဲ့ ဝေးကွာနေခဲ့တာဖြစ်ပြီး နည်းပြလောကထဲကို သူပြန်လာမှာက မီဒီယာတွေအတွက် ခေါင်းစဉ်တစ်ခုလို ဖြစ်နေခဲ့ပါတယ်။ 

ဇီဒန်းကို နည်းပြအဖြစ် ခန့်အပ်ဖို့ နိုင်ငံအသင်းတွေနဲ့ ကလပ်အသင်းတွေက ချိတ်ဆက်မှုတွေ ရှိခဲ့ပေမယ့် သူကတော့ နည်းပြလောကထဲကို ပြန်လာခြင်း မရှိခဲ့တာပါ။ 

ဒါပေမယ့် ဇီဒန်းသာ ဒီရာသီအကုန်မှာ နည်းပြလောကထဲ ပြန်လာဖို့ ဆုံးဖြတ်ခဲ့ရင် ဘိုင်ယန်မြူးနစ်အသင်းက သူ့ကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

ဇီဒန်းဟာ နည်းပြဘဝကို ရီးရယ်လ်အသင်းမှာသာ ဖြတ်သန်းခဲ့တာဖြစ်ပြီး ၂၀၁၆ ကနေ၂၀၁၈ ခုနှစ်အထိ ပထမ အကြိမ်၊၂၀၁၉ ကနေ ၂၀၂၁ ခုနှစ်အထိ ဒုတိယအကြိမ် ကိုင်တွယ်ခဲ့တာပါ။ 

ဇီဒန်းဟာ ရီးရယ်လ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ၃ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၁၁ ခုအထိ ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: Goal