CNI Sport News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇

အင်္ဂလန်နောက်ခံလူဟောင်း ရီယိုဖာဒီနန်က ယူနိုက်တက်အသင်းကသာ ခေါ်ယူမယ်ဆိုရင် အာတီတာဟာ အာဆင်နယ်အသင်းကနေ ထွက်ခွာပြီး ယူနိုက်တက်အသင်းကို ကိုင်တွယ်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။

ရီယိုဖာဒီနန်က “အာတီတာအနေနဲ့ ယူနိုက်တက်ကို ကိုင်တွယ်ခွင့်ရမယ်ဆိုရင် အာဆင်နယ်အသင်းကနေ ၁၀၀ ရာခိုင်နှုန်း ထွက်ခွာမယ်ဆိုတာ သေချာပါတယ်။ ဒီလိုဖြစ်ပျက်မယ်လို့ ဘယ်သူကမှပြောတာ မဟုတ်ပေမယ့် ယူနိုက်တက်ရဲ့ အကြမ်းစား အိပ်မက်ထဲမှာ အဲရစ်တန်ဟတ်ကို ကျေးဇူးတင်တယ်လို့ပြောပြီး ထုတ်ပယ်လိုက်တာ ဒါမှမဟုတ် အဲရစ်တန်ဟတ်ကို ဘိုင်ယန်မြူးနစ်က ခေါ်သွားခဲ့ရင် အသင်းရဲ့ ထိပ်ဆုံးပစ်မှတ်က အာတီတာဆိုပြီး ပြောပါလိမ့်မယ်။ ယူနိုက်တက်က ခေါ်ယူချင်တယ်ဆိုရင် အာတီတာလည်း အာဆင်နယ်အသင်းသားတွေကို နှုတ်ဆက်ပြီး မန်ချက်စတာကလပ်ကို ရောက်လာပါလိမ့်မယ်”လို့ VIBE with FIVE မှာပြောခဲ့တာပါ။

အာတီတာဟာ အာဆင်နယ်အသင်းကို စတင်ကိုင်တွယ်ပြီးကတည်းက နှစ်ပေါင်းများစွာ ရှုံးနိမ့်မှုတွေနဲ့ ကြုံတွေ့ခဲ့ ရတဲ့ အသင်းကို ချန်ပီယံဆု စိန်ခေါ်နိုင်တဲ့ အသင်းအဖြစ် ပြောင်းလဲပေးခဲ့တာ ဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၂ နေရာနဲ့ ရာသီအဆုံးသတ်နိုင်ခဲ့သလို ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း အဆင့် ၃ နေရာမှာ ရပ်တည်နေကာ အဆင့် ၁ နေရာက လီဗာပူးလ် အသင်းနဲ့ ၂ မှတ်သာ ကွာဟတာပါ။

ဖာဒီနန်နဲ့အာတီတာကို တွေ့ရစဉ်

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကပွဲတွေမှာ ရလဒ်တွေ ဆိုးရွားခဲ့တာကြောင့် ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေရှိခဲ့ပေမယ့် ၂၀၂၄ ခုနှစ်ထဲ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၆ ပွဲစလုံး အနိုင်ရပြီး အကောင်းဆုံး တုန့်ပြန်နိုင်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းကတော့ အာဆင်နယ်အသင်းနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပြီး နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဖူလ်ဟမ်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ်အဆင့် ၆ နေရာမှာ ရပ်တည်နေတာပါ။

အာဆင်နယ်နဲ့ ယူနိုက်တက်တို့အသင်းကြား အမှတ်ကွာဟမှုဟာ ၁၄ မှတ်အထိရှိနေတာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် ရီယိုဖာဒီနန်က ယူနိုက်တက်အသင်းအနေနဲ့ အဲရစ်တန်ဟတ်ကို ထုတ်ပယ်ခဲ့ရင် အာတီတာဟာ အသင်းရဲ့နည်းပြသစ်အဖြစ် ကမ်းလှမ်းတာကို လက်ခံနိုင်တယ်လို့ ယုံကြည်နေတာပါ။ 

ဒါပေမယ့် အာဆင်နယ်အသင်းမှာ ကစားသမားဘဝကို ဖြတ်သန်းခဲ့ဖူးတဲ့ အာတီတာအနေနဲ့ ယူနိုက်တက်အသင်း ကို ကိုင်တွယ်ဖို့ ဖြစ်နိုင်ဖွယ်မရှိဘူးလို့ သုံးသပ်နေကြတာ ဖြစ်ပါတယ်။

Source: Metro