CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၈

အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ်က ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ် မတိုင်ခင်မှာ ပြိုင်ဘက် တိုက်စစ်မှူး ဟာရီကိန်းကို လေးစားဖို့ အသင်းဖော်တွေကို သတိပေးခဲ့ပါတယ်။

အိုဒီဂတ်က “ကျနော်တို့အနေနဲ့ ဟာရီကိန်းကို လေးစားသင့်တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ဘယ်သူ့ကိုမှ ကြောက်ရမယ်လို့ မထင်ပါဘူး။ ဟာရီကိန်းဟာ အလွန်ကောင်းမွန်တဲ့ ကစားသမားဖြစ်ပြီး ကျနော်သူနဲ့ ပွဲအရေအတွက် အနည်းငယ်ပဲ ပြိုင်ဘက်အဖြစ် ကစားခဲ့ဖူးပေမယ့် သူ့ရဲ့ ဂိုးဧရိယာအတွင်း အရည်အသွေးနဲ့ ချိတ်ဆက်ကစားပုံ ကောင်းမွန်တာကို သိပါတယ်။ ကျနော်တို့ဟာ အသင်းကောင်းတစ်သင်းနဲ့ ရင်ဆိုင်ရမှာပါ”လို့ ပြောခဲ့တာပါ။

ဟာရီကိန်းရဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ အာဆင်နယ်အသင်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ် မတိုင်ခင်မှာ ရလဒ်တွေဆိုးနေပြီး ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ ၂ ပွဲဆက်တိုက် ရှုံးပွဲကြုံတွေ့ထားတာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် ဘွန်ဒစ်လီဂါ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လေဗာကူဆင်အသင်းနဲ့ ၁၆ မှတ်ကွာဟသွားပြီး အဆင့် ၂ နေရာမှာ ရပ်တည်နေတာပါ။ 

 ဟာရီကိန်းကို တွေ့ရစဉ်

ဘိုင်ယန်မြူးနစ်အသင်း ရလဒ်တွေ ဆိုးနေပေမယ့် ဟာရီကိန်းဟာ ဂျာမန်ကလပ်အတွက် ပွဲဦးထွက် ရာသီမှာ ၃၇ ပွဲ ကစားထားပြီး ၃၈ ဂိုးသွင်းယူကာ ၁၂ ဂိုးဖန်တီးထားတာ ဖြစ်ပါတယ်။

ဟာရီကိန်းဟာ သူ့ရဲ့ကစားသမားဘဝမှာ အာဆင်နယ်အသင်းနဲ့ ၁၉ ကြိမ် ယှဉ်ပြိုင်ကစားထားခဲ့တာမှာ ၁၄ ဂိုး သွင်းယူခဲ့ပြီး ဒီပွဲတွေမှာ ၇ ကြိမ်အထိ အနိုင်ရခဲ့တဲ့ မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်ထားတာပါ။ 

ဘိုင်ယန်မြူးနစ်အသင်းဟာ ရလဒ်တွေ ဆိုးနေပေမယ့် အာဆင်နယ်အသင်းကတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၂ နေရာက လီဗာပူးလ်အသင်းနဲ့ ရမှတ်တူ၊ အဆင့် ၃ နေရာက မန်စီးတီးအသင်းကို ၁ မှတ်အသာနဲ့ အဆင့် ၁ နေရာမှာ ဦးဆောင်နေပါတယ်။

အာဆင်နယ်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို ဧပြီ ၁၀ ရက်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Source: Goal