CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၉

အယ်လ်နာဆာအသင်းက အယ်လ်ဟီလယ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ဆော်ဒီစူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အယ်လ်နာဆာအသင်းခေါင်းဆောင် ရော်နယ်ဒို အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။

အယ်လ်ဟီလယ်အသင်းက ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဒီပွဲစဉ်ရဲ့ ပွဲချိန် ၈၆ မိနစ်မှာ ရော်နယ်ဒိုဟာ ပြိုင်ဘက် ကစားသမားကို တံတောင်နဲ့ တိုက်ခဲ့တဲ့အတွက် နှစ်ဖက်အသင်း ကစားသမားတွေ အချင်းများခဲ့ကြပါတယ်။ 

အဲဒါကြောင့် ကွင်းလယ်ဒိုင်လူကြီးက ရော်နယ်ဒိုကို တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ 

ရော်နယ်ဒိုဟာ အနီကတ်ပြသခံရပြီးချိန်မှာ ကွင်းလယ်ဒိုင်လူကြီးကို လက်သီးနဲ့ ရွယ်တဲ့ အမူအရာပြုလုပ်ခဲ့တဲ့ ရုပ်သံတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဆော်ဒီစူပါဖလားပြိုင်ပွဲကနေ အယ်လ်နာဆာအသင်း ထွက်ခွာခဲ့ရတာကြောင့် ရော်နယ်ဒိုဟာ ဆုဖလားလက်မဲ့ ရာသီကို ထပ်မံဖြတ်သန်းရဖို့ ရှိနေပါတယ်။

ရော်နယ်ဒိုကို တွေ့ရစဉ်

အယ်လ်နာဆာအသင်းဟာ ပြည်တွင်းဖလားပြိုင်ပွဲနဲ့ အာရှချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးဖြစ်သလို ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာလည်း အဆင့် ၁ နေရာက အယ်လ်ဟီလယ်အသင်းနဲ့ ၁၂ မှတ်အကွာ အဆင့် ၂ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ 

ဆော်ဒီပရိုလိဂ်ပြိုင်ပွဲပြီးဆုံးဖို့ ၇ ပွဲသာ ကျန်ရှိတော့တာကြောင့် အယ်လ်ဟီလယ်အသင်းအနေနဲ့ လက်ကျန်ပွဲစဉ် ထဲက ၃ ပွဲ အနိုင်ရတာနဲ့ အမှတ်ပေးချန်ပီယံဆုကို ရယူနိုင်တော့မှာပါ။

ရော်နယ်ဒိုဟာ ဆုဖလားလက်မဲ့ ရာသီဖြတ်သန်းရဖို့ရှိနေပေမယ့် ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုရဖို့ သေချာနေတာ ဖြစ်ပါတယ်။ 

အသက် ၃၉ နှစ်အရွယ်ရှိ ကစားသမားဟာ ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ၂၉ ဂိုး သွင်းယူထားပြီး ဒုတိယနေရာ က အယ်လ်ဟီလယ်အသင်း တိုက်စစ်မှူး မီထရိုဗစ်ထက် ၇ ဂိုး ပိုများနေတာပါ။

မီထရိုဗစ်ဟာ ဒဏ်ရာကြောင့် ရာသီအကုန်ထိ အနားယူရမှာဖြစ်လို့ ရော်နယ်ဒိုအတွက်တော့ မတူညီတဲ့နိုင်ငံ ၄ ခု မှာ ရွှေဖိနပ်ဆုရယူနိုင်တဲ့ ပထမဆုံးကစားသမား ဖြစ်လာဖို့ ရှိနေပါတယ်။

အယ်လ်နာဆာအသင်းဟာ ဧပြီ ၁၉ ရက်မှာ ဆော်ဒီပရိုလိဂ်ပွဲစဉ်အဖြစ် အယ်လ်ဖေဟာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: ESPN