CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၇

ဆွစ်ဇာလန်ကွင်းလယ်ဖန်တီးရှင် ရှာကွီရီဟာ မေဂျာလိဂ်ကလပ် ချီကာဂိုအသင်းကနေ ထွက်ခွာပြီးနောက် ကစားသမားဘဝ စတင်ခဲ့တဲ့ ဘေဆယ်လ်အသင်းထံ ပြန်လည်ပြောင်းရွှေ့ခဲ့ပါတယ်။

ရှာကွီရီက “ဂုဏ်ယူမှုအပြည့်နဲ့ ငယ်ဘဝကလပ် ဘေဆယ်လ်ထံ ပြန်လာနိုင်ခဲ့လို့ အလွန်ဝမ်းသာပါတယ်။ ကျနော် ဟာ ဘေဆယ်လ်မှာ လေ့ကျင့်မှုတွေ ပြီးမြောက်ပြီးတော့ နိုင်ငံတကာ ကစားသမားဘဝကို စတင်နိုင်ခဲ့ပါတယ်။ အခု ဘေဆယ်လ်အသင်းနဲ့ ထပ်ပြီးတိုက်ပွဲဝင်ချင်ပြီး ပရိသတ်တွေနဲ့ ပြန်ပြီးတွေ့ရဖို့ မစောင့်ဆိုင်းနိုင်တော့ဘူး”လို့ ပြောခဲ့တာပါ။

ရှာကွီရီဟာ အသက် ၈ နှစ် အရွယ်ကတည်းက ဘေဆယ်လ်အသင်းကို ရောက်ရှိခဲ့ပြီး စီနီယာအသင်းအတွက် ၃ နှစ်ကြာ ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။ 

ရှာကွီရီဟာ ဘေဆယ်လ်အသင်းနဲ့အတူ အောင်မြင်မှုရယူပြီးနောက် ၂၀၁၂ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။

 ရှာကွီရီကို တွေ့ရစဉ်

အသက် ၃၂ နှစ်အရွယ်ရှိ ကစားသမားဟာ အင်တာမီလန်၊ စတုတ်စီးတီး၊ လီဗာပူးလ်နဲ့ လိုင်ယွန်အသင်းတွေ မှာလည်း ကစားခဲ့တာ ဖြစ်ပါတယ်။

ရှာကွီရီဟာ နောက်ဆုံးကစားခဲ့တဲ့ ချီကာဂိုအသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီး ထွက်ခွာခဲ့တာပါ။

ဘိုင်ယန်မြူးနစ်၊ လီဗာပူးလ်အသင်းတို့နဲ့ အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့တဲ့ ရှာကွီရီဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဆွစ်ဇာလန်အသင်းအတွက် ပါဝင်ကစားပြီးနောက် နိုင်ငံအသင်းကနေ အနားယူခဲ့တာ ဖြစ်ပါတယ်။ 

ရှာကွီရီဟာ ဘေဆယ်လ်အသင်းနဲ့ ၃ နှစ် စာချုပ်ချုပ်ဆိုခဲ့တာပါ။ ဘေဆယ်လ်အသင်းဟာ ဒီရာသီ ဆွစ်စူပါလိဂ် ၄ ပွဲ ကစားအပြီးမှာ ရမှတ် ၆ မှတ်နဲ့ အဆင့် ၇ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: ESPN