CNI International News

ကိဗ်ယတ်၊ ဒီဇင်ဘာ ၂၀

တနင်္လာနေ့(ဒီဇင်ဘာ ၁၉ ရက်)မနက် အာရုံတက်ချိန်တွင် ရုရှားက ယူကရိန်းမြို့တော် ကိဗ်ယက်ကို ဒရုန်းဖြင့် တိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့ကြောင်း အေပီသတင်းမှာ ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုသည် စစ်ရေးအရ မလူးသာ မလွန့်သာ အခြေအနေတွင် လေကြောင်း တိုက်ခိုက်မှုများမှ တဆင့် စစ်ဘက်ဆိုင်ရာ အသာစီးရရှိရန် ရုရှားအနေဖြင့် ကြိုးပမ်းမှုလည်း ဖြစ်သည်။

ထို့အပြင် ယူကရိန်းသို့ ရုရှားဘက်မှ တပ်များ ထပ်မံ စေလွှတ်မည့် အရိပ်လက္ခဏာ တစ်ခုအဖြစ် ရုရှားသမ္မတ ဗလာဒီမာ ပူတင်(Vladimir Putin) သည် ဘီလာရုစ်နိုင်ငံသို့ သွားရောက်ခဲ့သည်ဟုလည်း သိရသည်။

ဘီလာရုစ်နိုင်ငံသည် လွန်ခဲ့သော ၁၀ လ ရုရှားဘက်မှ ယူကရိန်းကျူးကျော်စစ် စတင်ခဲ့ချိန်တွင် ရုရှားတပ်များ အတွက် ဒုံးကျည်ပစ်လွှတ်ရာ နေရာတစ်ခုကို ထောက်ပံ့ပေးခဲ့သည့် နိုင်ငံလည်း ဖြစ်သည်။

တနင်္လာနေ့ တိုက်ခိုက်မှုသည် စစ်ပွဲ စတင်ချိန်မှစ၍ ရုရှားတို့၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုများဟု ယူကရိန်း အာဏာပိုင်များက ညွန်းဆိုခဲ့သည့် တိုက်ခိုက်မှုများအပြီး ၃ ရက်အကြာတွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ရုရှားက ဒရုန်းဖြင့် တိုက်ခိုက်စဉ် (GETTY IMAGES)

အောက်တိုဘာလမှ စတင်ကာ ရုရှားတို့သည် ယူကရိန်း၏ စွမ်းအင်ထောက်ပံ့ပေးရာ အခြေခံ အဆောက်အဦများ ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။ ၎င်းက ပြင်းထန်သော ရာသီဥတု အခြေအနေအတွင်း ယူကရိန်းနိုင်ငံကို အပူနှင့် အလင်းရောင် ဖြတ်တောက်ပစ်ရန် ရည်ရွယ်ခြင်းလည်း ဖြစ်သည်။

အနောက်အုပ်စုမှ အရေးယူ ပိတ်ဆို့မှုများအပြင် ယူကရိန်း တပ်ဖွဲ့များအတွက် လေကြောင်း လုံခြုံရေးစနစ်များ ထောက်ပံ့ ပေးနေသော်လည် ရုရှားတို့၏ တိုက်ခိုက်မှုများကို တားဆီးနိုင်ခြင်း မရှိသေးပေ။

တနင်္လာနေ့ ကိဗ်ယက်တစ်မြို့လုံး အိပ်မောကျနေချိန်တွင် ရုရှားက ဒရုန်း ၂၃ စီး လွှတ်တင်ခဲ့ကြောင်း၊ ထိုအထဲက ၁၈ စီးကို ယူကရိန်းတပ်ဖွဲ့ဝင်များမှ ပစ်ချနိုင်ခဲ့ကြောင်း ကိဗ်ယက်မြို့ အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။

ယခု တိုက်ခိုက်မှုများတွင် ကြီးကြီးမားမား ထိခိုက်မှု မရှိသော်လည်း တနင်္ဂနွေနှင့် တနင်္လာနေ့ကြား တိုက်ခိုက် မှုများကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာရခဲ့သည်ဟု ယူကရိန်းသမ္မတက ပြောသည်။

ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် မြို့တော် ဧရိယာ အပါအဝင် ယူကရိန်းနိုင်ငံ အရှေ့ပိုင်းနှင့် အလယ်ပိုင်းဒေသ ၁၁ ခု တို့တွင် အရေးပေါ် စွမ်းအင် ပြတ်တောက်မှုများ ဖြစ်ပွားခဲ့သည်ဟု အာဏာပိုင်များက ပြောသည်။

တနင်္လာနေ့သည် ယူကရိန်းတွင် ခရစ္စမတ် ပိတ်ရက် စတင်ရာ စိန့်နီကိုလပ်နေ့ (St. Nicholas Day) ဖြစ်ပြီး ထိုနေ့တွင် တိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် ရုရှား၏ လုပ်ရပ်အပေါ် ယူကရိန်းသမ္မတ အပါအဝင် အရေးပေါ် လုပ်ငန်း ဆိုင်ရာ အကြီးအကဲနှင့် လူ့အခွင့်အရေး အရာရှိများက ပြစ်တင်ဝေဖန်သည်။

ရုရှား၏ တိုက်ခိုက်မှုများမှ ကာကွယ်နိုင်ရေးအတွက် ခေတ်မီလေကြောင်း ကာကွယ်ရေး လက်နက်များ ထောက်ပံ့ ပေးရန်လည်း ယူကရိန်းသမ္မတ ဇာလန်းစကီး(Zelenskyy)က ထပ်မံတောင်းဆိုခဲ့သည်။

Source: AP