CNI International News

ဘန်ကောက်၊ ဒီဇင်ဘာ ၂၀

ထိုင်းပင်လယ်ကွေ့ရေပြင်တွင် စစ်သင်္ဘောနစ်မြုပ်မှု ဖြစ်ပွားပြီးနောက် ပျောက်ဆုံးနေဆဲ ဖြစ်သော သင်္ဘောသား ၃၁ ဦးကို ထိုင်းရေတပ်သင်္ဘောများနှင့် ရဟတ်ယာဉ်များက ရှာဖွေရေး ဆောင်ရွက်လျက်ရှိသည်ဟု အေပီသတင်း မှာ ရေးသားဖော်ပြထားသည်။

တာဝန်ရှိသူများက နစ်မြှုပ်ခဲ့သော သင်္ဘောပေါ်တွင် အသက်ကယ်အင်္ကျီ လုံလောက်စွာ မပါရှိခဲ့ကြောင်း အတည် ပြုခဲ့သည်။

ဒီဇင်ဘာ ၁၉ ရက်နေ့ ညအထိ နစ်မြှုပ်ခဲ့သော HTMS Sukhothai စစ်သင်္ဘောမှ သင်္ဘောသား ၇၅ ဦးကို ကယ် တင်နိုင်ခဲ့ပြီး ၃၁ ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်သည်ဟု ထိုင်းရေတပ်က ပြောသည်။

ထို့နောက် သင်္ဘောနစ်မြှုပ်မှုကို ဖြစ်စေသည့် လှိုင်းကြီးခြင်း အခြေအနေမှာ လျော့ပါး သွားပြီ ဖြစ်သော်လည်း လှေငယ်များအတွက် အန္တရာယ်ရှိနေဆဲ ဖြစ်သည်ဟုလည်း သိရသည်။

လက်ရှိအချိန်အထိ စစ်သင်္ဘောနစ်မြှုပ်ရခြင်းနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ အခြေအနေကို အသေးစိတ် မသိရ သေးပေ။

ရေတပ်ဒုတိယဗိုလ်မှူးကြီး ချောင်ချိုင် ချွမ်ချိုးပတ်ကိုတွေ့ရစဉ် (GETTY IMAGES)

သင်္ဘောနစ်မြှုပ်ချိန်တွင် သင်္ဘောပေါ်၌ ရှိသင့်သည့် လူဦးရေထက် ပိုနေပြီး အသက်အင်္ကျီ လုံလောက်ခဲ့ခြင်း မရှိဘူး ဟု အသက်ဘေးမှ လွတ်မြောက်လာသူတစ်ဦးက Thai Rath ရုပ်သံသို့ ပြောသည်။

ထိုပြောဆိုမှုမှာ မှန်ကန်သည်ဟုလည်း ရေတပ်ဒုတိယဗိုလ်မှူးကြီး ချောင်ချိုင် ချွမ်ချိုးပတ် (Choengchai Chomchoengpaet)က ပြောသည်။

နစ်မြှုပ်ခဲ့သော သင်္ဘောသည် ပုံမှန်အားဖြင့် သင်္ဘောသား ၈၇ ဦးနှင့် အရာရှိများကိုသာ တင်ဆောင် နိုင်သည်ဟု ထိုင်းရေတပ် ဝဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

ကယ်ဆယ်ထားသည့် သူများမှ ၁၁ ဦးကို ဆေးရုံတင်ထားရပြီး ၎င်းတို့ထဲတွင် သေဆုံးသူတစ်ဦး ရှိသည်ဆိုသည့် သတင်းများကို ထိုင်ရေတပ်က ငြင်းဆိုထားသည်။

ဒီဇင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းတွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်၌ လေတိုက်နှုန်း ပြင်းထန်မှုကြောင့် HTMS Sukhothai ပေါ်သို့ ပင်လယ်ရေများ ရောက်ရှိလာခဲ့ပြီး သင်္ဘော၏ လျှပ်စစ်စနစ် ပျက်စီးသွားခဲ့ကာ ထိန်းချုပ်ရန် ရုန်းကန်ခဲ့ရသည်။

HTMS Sukhothai စစ်သင်္ဘောကိုတွေ့ရစဉ်


ရေတပ်ဘက်မှ ဖရီးဂိတ်သင်္ဘော ၃ စင်း၊ အကူစက်များ တင်ဆောင်ထားသော ရဟတ်ယာဉ် ၂ စင်း စေလွှတ်ကာ သင်္ဘောပေါ်မှ ရေများကို ဖယ်ရှားရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ လေတိုက်နှုန်း ပြင်းထန်မှုကြောင့် မအောင်မြင်ခဲ့ရခြင်း ဖြစ်သည်။

စွမ်းအင် ပြတ်တောက် သွားမှုကြောင့် သင်္ဘောပေါ်သို့ ရေများ ထပ်မံ ဝင်ရောက်လာခဲ့ကာ နစ်မြှုပ်မှုကို ဖြစ်စေခဲ့သည်။

သင်္ဘောနစ်မြှုပ်မှု မဖြစ်ပွားခင် ထိုင်းမိုးလေဝသဌာနမှ သတိပေးချက် ထုတ်ပြန်မှုလည်း လုပ်ဆောင်ခဲ့သေးသည်။

Sukhothai သင်္ဘောကို ဝါရှင်တန်ရှိ တာကိုမာတွင် တည်ဆောက်ခဲ့ကာ ၁၉၈၇ ခုနှစ်တွင် စတင်တာဝန် ထမ်း ဆောင်ခဲ့သည်။

အဆိုပါ သင်္ဘောသည် ၂၅၂ ပေအရှည်ရှိသည်။ သင်္ဘောသည် လက်နက်တပ်ဆင်ထားသည့် အလယ်လတ်တန်းစား အမြှာက်တစ်လက်တင် သင်္ဘောဖြစ်ကာ ကမ်းလွန်ရေပြင်အနီး ကင်းလှည့်ခြင်းအတွက် အများဆုံး အသုံးပြုသည်။

Source: AP