CNI News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၄
ဗမာပြည်၏ အလယ်ပိုင်းဗဟိုဒေသအား သိမ်းယူမည့်အဆင့် မရောက်လောက်သေးကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO- NCA/S)မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမတွင် မကြာခင်တိုက်ပွဲများ ဖော်ဆောင်တော့မည်ဖြစ်၍ မလိုအပ်လျှင် ခရီးမထွက် ကြရန် နွားထိုးကြီးဒေသ ကာကွယ်ရေးတပ်ဖွဲ့က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်တွင် သတိပေး ထုတ်ပြန်ခဲ့သည်။
ဗမာပြည်၏ အလယ်ပိုင်း ဗဟိုဒေသအား ဆက်လက်ထိုးစစ်ဆင် သိမ်းယူနိုင်ရန် အဆင့်တော်တော် မြင့်မား ကြောင်း၊ စီမံကိန်းချပြီး ဗဟိုဒေသ တစ်ခုလုံးအား သိမ်းပိုက်မည်ဆိုသည့် အဆင့်တော့ မရောက်လောက် သေးကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO- NCA/S)မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ PDF တချို့ကို တွေ့ရစဉ်
၎င်းက “အဖွဲ့အစည်းများလာတယ်၊ လက်နက်တွေကလည်း ပြန့်ကျဲနေတယ်၊ အင်အားစုတွေကလည်း များလာတဲ့ အခါကျတော့ ဒီအလစ်အငိုက် လမ်းမကြီးပေါ် ဟိုက်ဝေးပေါ်တက်ပြီးတော့ လာပြီးတော့ ကိုယ်ယောင်ပြတာတော့ ရှိမှာပေါ့ဗျာ၊ အမြဲတလေတော့ ဖြစ်ဖို့မလွယ်ဘူး။ နောက်ပြီးတော့ အဲသလို လမ်းမကြီးကလည်း ရှည်တဲ့အခါကျ တော့ အလစ်ငိုက်ဝင်တဲ့ နေရာလည်း ရှိမှာပေါ့၊ သို့သော်လည်းပဲ မြို့ပြတွေကို ဆက်လက် သိမ်းယူဖို့နဲ့ ဗဟိုဒေသ ပေါ့ဗျာ၊ ဗမာပြည်ရဲ့ အလယ်ပိုင်း ဗဟိုဒေသကို ဆက်လက် ထိုးစစ်ဆင်ဖို့ သိမ်းယူဖို့အဆင့်ကတော့ တော်တော်မြင့် တယ်ဗျ၊ ဒါဒုတိယကမ္ဘာစစ်၊ ကမ္ဘာစစ်ကြီးတွေမှာပဲ ဖြစ်လေ့ဖြစ်ထရှိတော့ ကျနော်တို့ ပြည်တွင်းစစ်မှာက ဒီအရှိန် ကို ရောက်ပြီလားဆိုတာတော့ ကျနော်တို့ မပြောနိုင်ဘူး။ သို့သော် နှောင့်ယှက်လို့တော့ရတယ်၊ နှောင့်ယှက်တာ တို့၊ တစ်စုံတရာ ဒုက္ခပေးတာတို့တော့ရတယ်။ သို့သော်လည်းပဲ စီမံကိန်းချပြီးတော့ ဗဟိုဒေသတစ်ခုလုံးကို လုပ် မယ်ဆိုတဲ့ အဆင့်တော့ မရောက်လောက် သေးဘူးလို့တော့ ကျနော်ယူဆတယ်ဗျ” ဟု ပြောသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်တွင် အမြန်လမ်းမက ခရီးသွားကားများတွင် လိုက်ပါလာသူများအား နွားထိုးကြီး PDF၊ မြင်းခြံခရိုင် အမှတ် (၄-၁ဝ) တပ်ရင်းက အသိပေးပြောဆိုနေသည့် ရုပ်သံဖိုင်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုရုပ်သံဖိုင်ထဲတွင် ခရီးသည်များအနေဖြင့် ဒီကာလတွင် မလိုအပ်ဘဲ အမြန်လမ်းမှ ခရီးမသွားရန်၊ ညပိုင်းများတွင် မသွားလာရန်၊ တိုက်ပွဲဖြစ်ပွားနေချိန်၌ ကားဆက်မမောင်းဘဲ နီးစပ်ရာ လုံခြုံသည့်နေရာများမှာသာ နေကြရန် သတိပေး ပြောကြားနေသည်ကို တွေ့ရသည်။
နိုင်ငံရေးအရ တောင်းဆိုလိုမှုကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းရမည်ဖြစ်ကြောင်း၊ လက်နက်ကိုင် လမ်းစဥ် ဖြင့် တောင်းဆို၍ ရနိုင်မည်မဟုတ်ကြောင်း၊ ထိုကဲ့သို့ လက်နက်ကိုင် အကြမ်းဖက်မှု လမ်းစဥ်ကို မည်သည့် လူအဖွဲ့အစည်းကမျှ လက်မခံသလို မိမိတို့ အားလုံးကလည်း ဆန့်ကျင်ကြရန်လိုကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနား၌ ပြောကြားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
မြို့ငယ်များတွင်သာ စစ်ပွဲများ ဖြစ်ပွားနိုင်ပြီး မြို့ကြီးပြကြီးများပေါ်သို့ ကူးဦးမည် မဟုတ်ကြောင်း၊ လမ်းပန်း ဆက်သွယ်ရေး ဖြတ်တောက်ခြင်းဖြင့် ကုန်စည်များကို ပိတ်ဆို့လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မြို့ပြတွေထိကတော့ မြန်မြန်ဆန်ဆန်ကြီးတော့ ကူးဦးမှာ မဟုတ်ပါဘူး၊ မြန်မြန်ဆန်ဆန်ဆိုတာ ဘယ်သူ တွေ မြို့ကိုပြောတာလဲဆိုတော့ မြို့အကြီးကြီးတွေကို ပြောတာပါ၊ မြို့အငယ်တွေကို ပြောတာ မဟုတ်ပါဘူး၊ မြို့ အငယ်တွေကတော့ ဖြစ်နိုင်ပါတယ်၊ မြို့အကြီးကြီးတွေကတော့ ဖြစ်နိုင်ဖို့နည်းနည်း ခက်ဦးမယ်ထင်ပါတယ်။ သူက လမ်းတွေကို ခြိမ်းခြောက်တာက လမ်းပန်းဆက်သွယ်ရေးရယ် ကုန်စည်ပေါ့၊ ပို့ဆောင်ရေးတွေ အဲဒီဟာတွေ ကို အဓိကထားမယ်လို့ ကျနော်ထင်တယ်လေ။ လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ခြင်းအားဖြင့် ကုန်စည်တွေ ကို ပိတ်ဆို့တာပေါ့၊ အဲလိုဟာမျိုးတွေ ဖြစ်လာနိုင်စရာ ရှိပါတယ် အဲလိုတော့နော်” ဟု ပြောသည်။
ပြည်သူလူထုများ သုံးစွဲနေသည့် အဝေးပြေးလမ်းမပေါ်များတွင် လက်နက်ကိုင်ပဋိပက္ခများ ရောက်လာပါက ပြည်သူလူထုများ သွားလာရေး၊ ကုန်စည်စီးဆင်းမှု၊ ကူးသန်းရောင်းဝယ်ရေး၊ ကျန်းမာရေးကိစ္စဖြင့် သွားလာခြင်း၊ လူမှုရေးကိစ္စဖြင့် သွားလားခြင်းများ ရပ်တန့်သွားနိုင်ကြောင်း၊ ထိုသို့ သွားလာရေး ရပ်တန့်သွားပါက ပြည်သူလူထု အား ထိခိုက်လာနိုင်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ထောက်ပြသည်။
မြန်မာနိုင်ငံနေရာ အနှံ့အပြားတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် စစ်ပြေးဒုက္ခသည် ၄ သန်းကျော် ရှိသည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက် စာရင်းတွင် ဖော်ပြထားသည်။