CNI International News

နယူးဒေလီ၊ သြဂုတ် ၉

အိန္ဒိယနိုင်ငံသည် စစ်ဘက်သုံး ဒရုန်းများထုတ်လုပ်သည့် ပြည်တွင်းကုမ္ပဏီများအား တရုတ်လုပ် ပစ္စည်းများကို အသုံးမပြုရန် မကြာသေးမီ လများအတွင်းက တားမြစ်ပိတ်ပင်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။ 

ထောက်လှမ်းရေး အချက်အလက်များ ကျိုးပေါက်မည့် အန္တရာယ်ကို စိုးရိမ်ခြင်းကြောင့် ထိုကဲ့သို့ ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသည့် ကာကွယ်ရေးနှင့် စက်မှုအရာရှိ လေးဦးက ပြောကြားခဲ့သည်။

အိန္ဒိယသည် quadcopter ကဲ့သို့ မောင်းသူမဲ့ယာဉ်များအား ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်ရန် စစ်တပ်ကို အဆင့် မြှင့်တင်နေချိန်နှင့် နျူကလီးယား လက်နက်ပိုင်ဆိုင်သည့် တရုတ်နှင့် တင်းမာမှုများ မြင့်တက်နေချိန်တွင် တရုတ် ပစ္စည်းများကို ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် အိန္ဒိယ၏ အခြေတည်စ စက်မှုကဏ္ဍသည် စစ်တပ်၏ လိုအပ်ချက်ကို ပြည့်မီစေရန် ကြိုးပမ်းနေရချိန်တွင် ဒရုန်းများ၌ အသုံးပြုသည့် တရုတ်နိုင်ငံလုပ် ဆက်သွယ်ရေးပစ္စည်းများ၊ ကင်မရာများ၊ ရေဒီယို ထုတ်လွှင့်မှု စနစ် များနှင့် ဆော့ဖ်ဝဲများကြောင့် ထောက်လှမ်းရေးသတင်း ကျိုးပေါက်မည့်အရေးအား အိန္ဒိယ၏ ကာကွယ်ရေးနှင့် စက်မှုကဏ္ဍမှ အရာရှိများက စိုးရိမ်နေသည်။

အိန္ဒိယစစ်တပ်က ဒရုန်းအသုံးပြုနေစဉ်

အိန္ဒိယအစိုးရနှင့် စက်မှုလုပ်ငန်းကဏ္ဍမှ အမည်မဖော်လိုသည့် အရာရှိအချို့သည် ရိုက်တာသတင်းဌာနနှင့် အင်တာဗျူး ပြုလုပ်ခဲ့ချိန်တွင် ထိုအကြောင်းအရာသည် သိမ်မွေ့နက်နဲသဖြင့် မီဒီယာများသို့ ထုတ်ဖော် ပြောဆိုခွင့် မရှိကြောင်း ဖြေကြားခဲ့သည်။

အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနကလည်း ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ရိုက်တာသတင်းဌာန၏ မှတ်ချက် ပေးရန် တောင်းဆိုမှုကို တုံ့ပြန်ခဲ့ခြင်းမရှိပေ။

အမည်မဖော်လိုသည့် အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနမှ ထိပ်သီးအရာရှိ တစ်ဦးကမူ အိန္ဒိယစက်မှု လုပ်ငန်းကဏ္ဍ သည် ဆိုက်ဘာတိုက်ခိုက်မှုများကို စိုးရိမ်နေရသည့်တိုင် ကမ္ဘာ့ဒုတိယ စီးပွားရေး အင်အားကြီး တရုတ်၏ စက်ပစ္စည်း အစိတ်အပိုင်းများအပေါ် မှီခိုနေရကြောင်း ရိုက်တာကို ပြောကြားခဲ့သည်။

တရုတ်ကမူ ဆိုက်ဘာတိုက်ခိုက်မှုများတွင် ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုထားသည်။

အိန္ဒိယစစ်တပ်က ဒရုန်းအသုံးပြုနေစဉ်

တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာနကလည်း ဒရုန်းများနှင့် ဆက်စပ်ပစ္စည်း ကိရိယာအချို့ကို ပို့ကုန် ထိန်းချုပ်မှု ပြုလုပ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်က ကြေညာခဲ့သည်။
၂၀၁၉ ခုနှစ်တွင် အမေရိကန် လွှတ်တော်က တရုတ်နိုင်ငံ၌ ပြုလုပ်သည့် ဒရုန်းများနှင့် ဆက်စပ်ပစ္စည်းများကို ဝယ်ယူခြင်း သို့မဟုတ် အသုံးပြုခြင်းကို ပင်တဂွန်အား ပိတ်ပင်ခဲ့သည်။

Source: ရိုက်တာ