CNI International News

ဝါရှင်တန်၊ သြဂုတ် ၉

အမေရိကန်နိုင်ငံ မွန်တားနားပြည်နယ်ရှိ နျူကလီးယား ဒုံးကျည်စခန်း၏ ဒုံးကျည်ပစ်လွှတ်မှု ထိန်းချုပ်ရေး မြေအောက်စခန်းများတွင် ကင်ဆာဖြစ်စေနိုင်သည့် ကာစီနိုဂျင် (Carcinogen) ဓာတ်ပစ္စည်းကို အမေရိကန် လေတပ်က ထောက်လှမ်း တွေ့ရှိခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

အဆိုပါ တွေ့ရှိမှုသည် ဒုံးကျည်စခန်းများ၏ ဝန်ထမ်းများအကြား စိုးရိမ်မှုများ မြင့်တက်နေသည့် အခြေအနေကို ဖြေရှင်းရန် ကြိုးပမ်းနေသည်။

ထို့နောက် အမေရိကန်၏ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် စခန်းများထံမှ စုဆောင်းရရှိသော ပထမဆုံး နမူနာ ပုံစံများကို တွေ့ရှိခဲ့ကြောင်း အမေရိကန်လေတပ်၏ ကမ္ဘာလုံးဆိုင်ရာ တိုက်ခိုက်ရေး ဌာနချုပ် (US Air Force Global Strike Command)က သြဂုတ် ၇ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

ပုံ - အမေရိကန်လေတပ်၏ ကမ္ဘာလုံး ဆိုင်ရာ တိုက်ခိုက်ရေး ဌာနချုပ်မှ တပ်မှူးဖြစ်သူ ဗိုလ်ချုပ်ကြီး သောမတ် ဘတ်စီယာကို တွေ့ရစဉ်

မွန်တားနားပြည်နယ် Malmstrom လေတပ်စခန်း၏ အဆောက်အအုံနှစ်ခုမှ စုဆောင်းရရှိခဲ့သည့် နမူနာများတွင် လူလုပ် သဘာဝဓာတုပစ္စည်းများဖြစ်သည့် PCB အဆင့်သည် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး အေဂျင်စီ (EPA) က အကြံပြုထောက်ခံထားသော အဆင့်ထက် ပိုမိုမြင့်မားနေသည်ကို တွေ့ရှိခဲ့သည်။

PCB များသည် ဆီ သို့မဟုတ် အရည်ပျော်လွယ်သည့် ဖယောင်းကဲ့သို့ ဓာတ်ပစ္စည်းများဖြစ်ပြီး ထိုအရာများသည် ကာစီနိုဂျင်များ ဖြစ်နိုင်သည်ဟု EPA က သတ်မှတ်ထားသည်။

ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ထိခိုက်ခဲ့ရသည့် အဆောက်အအုံများကို ရှင်းလင်းရန် အပြင်  ဘေးအန္တရာယ် နှင့်ထိတွေ့ခဲ့ဖွယ်ရှိသည့် လေတပ်ဝန်ထမ်းများ၊ ကြီးကြပ်သူများ၏ ကျန်းမာရေးအန္တရာယ်ကို အတတ်နိုင်ဆုံး လျှော့ချရန် လုပ်ဆောင်ရမည့် စီမံကိန်းများကို ချက်ချင်းညွှန်ကြားခဲ့သည်ဟု အမေရိကန်လေတပ်၏ ကမ္ဘာလုံး ဆိုင်ရာ တိုက်ခိုက်ရေး ဌာနချုပ်မှ တပ်မှူးဖြစ်သူ ဗိုလ်ချုပ်ကြီး သောမတ် ဘတ်စီယာ (Thomas Bussiere) က ပြောကြောင်း အေပီ သတင်းဌာနမှ ဖော်ပြခဲ့သည်။

ဇန်နဝါရီလအတွင်း အေပီသတင်းဌာနက ရရှိခဲ့သည့်် စစ်ရေးမှတ်တမ်းများအရ Malmstrom လေတပ်စခန်းတွင် လက်ရှိ တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများနှင့် တာဝန်မှ အနားယူသွားသည့် ဝန်ထမ်းဟောင်း ၉ ဦးသည် ရှားပါး သွေးကင်ဆာတစ်မျိုးဖြစ်သည့် non-Hodgkin lymphoma ကင်ဆာကို ခံစားခဲ့ရကြောင်း တွေ့ရှိရသည်။

ပုံ - Malmstrom လေတပ်စခန်းက ဒုံးကျည်များတပ်ဆင်နေစဉ်

non-Hodgkin lymphoma ရောဂါသည် သွေးကင်ဆာတစ်မျိုးဖြစ်ပြီး လူ့ခန္ဓာကိုယ်အတွင်းရှိ ရောဂါများကို တိုက်ဖျက်သည့် သွေးဖြူဆဲလ်များ ပါရှိသည့် ကိုယ်တွင်းထွက် အရည်ကြည်စနစ်ကို အသုံးချပြီး ကင်ဆာဆဲလ်များ ပျံ့နှံ့သည့် ရောဂါတစ်မျိုး ဖြစ်သည်။

NGO အဖွဲ့တစ်ခုဖြစ်သည့် Torchlight Initiative ၏ အဆိုအရ နျူကလီးယား ဒုံးကျည်စခန်းများတွင် တာဝန် ထမ်းဆောင်ခဲ့သည့် စစ်သား ၂၆၈ ဦး သို့မဟုတ် ၎င်းတို့၏ အသက်ရှင် ကျန်ရစ်သည့် မိသားစုဝင်များသည် ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း ကင်ဆာရောဂါ၊ သွေးရောဂါ သို့မဟုတ် အခြားရောဂါများကို ခံစားခဲ့ရသည်ဟု ဖော်ပြခဲ့သည်။

ထိုစစ်သားများအနက် ၂၁၇ ဦးသည် ကင်ဆာရောဂါများ ခံစားခဲ့ရပြီး ၎င်းတို့ထဲမှ ၃၃ ဦးသည် non-Hodgkin lymphoma ကင်ဆာရောဂါကို ခံစားခဲ့ရသည်ဟု Torchlight Initiative အဖွဲ့က ထုတ်ပြန်ခဲ့သည်။

Source: အယ်လ် ဂျာဇီးယား