CNI International News

ဂျကာတာ၊ သြဂုတ် ၉

မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရန် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး၏ နိုင်ငံရေးဆန္ဒ လိုအပ်သည် ဟု အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို (Joko Widodo)က ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။ 

အာဆီယံနိုင်ငံများသည် မြန်မာ့အရေးနှင့်ပတ်သက်ပြီး မတူကွဲပြားသည့် သံတမန်ရေး အားထုတ်ကြိုးပမ်းမှုများကို လုပ်ဆောင်နေချိန်တွင် ဝီဒိုဒိုက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ၂ နှစ်က အရပ်ဘက်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံခဲ့ရပြီးနောက် အကျင့်ပျက်ခြစားမှုမှအစ COVID-19 ကပ်ရောဂါ စည်းမျဉ်းများကို ချိုးဖောက်မှုအဆုံး ပြစ်မှုဆိုင်ရာ စွဲချက် ၁၉ ခု နှင့် ရင်ဆိုင်ခဲ့ရသည်။

ထို့နောက် နိုင်ငံအတွင်း လက်နက်ကိုင် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။

 ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်

"မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေတွေက စိန်ခေါ်မှုတွေ ပြည့်နှက်နေဆဲဆိုတာကို ကျနော်တို့ သတိထားမိပါ တယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးရဲ့ နိုင်ငံရေးဆန္ဒရှိမှသာလျင် ဒီအကျပ်အတည်းကို ဖြေရှင်းနိုင်မယ်ဆို တာကို ကျနော်တို့ နားလည်ရပါလိမ့်မယ်"ဟု ဝီဒိုဒိုက အာဆီယံ ထူထောင်သည့် (၅၆) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ အကျပ်အတည်းကို အဖြေရှာရန် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် လုပ်ဆောင်ရမည်ဟု လည်း ဝီဒိုဒိုက အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ တက်ရောက်လာသည့် ကိုယ်စားလှယ်များကို ပြောကြားခဲ့သည်။

"အာဆီယံဟာ သင်္ဘောကြီးတစ်စင်းလိုပဲ ရှေ့ကို ဆက်လက် မောင်းနှင်နေရမှာပါ။ ဒီသင်္ဘောကြီးဟာ ဆက်ပြီး ရွက်လွှင့်နေရမှာပါ။ ဒီသင်္ဘောကြီး နစ်မြုပ်သွားလို့ မရပါဘူး။ ဘာလို့လဲဆိုတော့ ဒီသင်္ဘောပေါ်က သန်းနဲ့ချီတဲ့ လူတွေအတွက် ကျနော်တို့မှာ တာဝန်ရှိလို့ ဖြစ်ပါတယ်"ဟု ဝီဒိုဒိုက ပြောသည်။

ယခုနှစ်အတွက် အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌ ရာထူးကို ရယူထားသည့် အင်ဒိုနီးရှားသည် လာမည့် စက်တင်ဘာ လတွင် အာဆီယံခေါင်းဆောင်များ အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းကို တွေ့ရစဉ်

ဆွေးနွေးညှိနှိုင်းရေး စားပွဲဝိုင်းသို့ ပြန်လည် ခေါ်ဆောင်ရန်အတွက် အင်ဒိုနီးရှားသည် မြန်မာ၏ တာဝန်ရှိ ခေါင်းဆောင်များနှင့်လည်း "သိမ်မွေ့သော သံခင်းတမန်ခင်း"ဟု ခေါ်ဆိုသည့် ထိတွေ့ဆက်ဆံမှုများကို ပြုလုပ်လျက်ရှိသည်။

မြန်မာ့အရေးကို မည်ကဲ့သို့ ကိုင်တွယ်ရမည်ဆိုသည့် အချက်နှင့် ပတ်သက်ပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား သဘောထား ကွဲလွဲမှုများရှိခဲ့ပြီး မြန်မာနိုင်ငံကို အာဆီယံ၏ ထိပ်သီးအစည်းအဝေးများတွင် ဖိတ်ကြားခဲ့ခြင်း မရှိပေ။

ထိုင်းနိုင်ငံသည်လည်း အာဆီယံ၏ လုပ်ငန်းစဉ်များမှ သီးခြားခွဲထွက်ပြီး မြန်မာ့အရေးကို သူ့နည်းသူဟန်နှင့် ကြားဝင်စေ့စပ်ရန် လုပ်ဆောင်ခဲ့သလို နစက၏ နိုင်ငံခြားရေးဝန်ကြီးနှင့် အလွတ်သဘော တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်း(Don Pramudwinai) ကတော့ သူသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေးကောင်းမွန်ကြောင်း ပြီးခဲ့သည့်လက ပြောကြားခဲ့ သည်။ 

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ပဋိပက္ခဖြစ်ပွားနေသည့် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို ဆွေးနွေးညှိနှိုင်း မှုများပြုလုပ်ရန် ပြောကြားခဲ့သည်ဟု မစ္စတာဒွန်က ပြန်လည် ချပြခဲ့သည်။

Source: ဘန်ကောက်ပို့စ်