CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၉

အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အစ္စရေးပါဝင်မှုက သူတို့ရဲ့ နိုင်ငံခြားရေးမူဝါဒကို အပြောင်းအလဲရှိမှာ မဟုတ်ဘူးလို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောလိုက်ပါတယ်။

ဂျိုကိုဝီဒိုဒိုက “အစ္စရေးရဲ့ ပါဝင်မှုက ပါလက်စတိုင်းအပေါ် ထားရှိတဲ့ ကျနော်တို့ရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ မသက်ဆိုင် ဘူးဆိုတာ အာမခံပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ပါလက်စတိုင်းအပေါ် ကျနော်တို့ရဲ့ ပံ့ပိုးကူညီမှုတွေက အမြဲတမ်း ခိုင်ခိုင်မာမာနဲ့ ရှိနေလို့ပါ။ အားကစားနဲ့ နိုင်ငံရေးကို မရောထွေးပါနဲ့”လို့ တိုက်ရိုက်ထုတ်လွှင့်တဲ့ မိန့်ခွန်းမှာ ပြောခဲ့ တာပါ။

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုဟာ အစိုးရအဖွဲ့ ဝန်ကြီးတစ်ဦးလည်းဖြစ်ပြီး နိုင်ငံရဲ့ ဘောလုံးအဖွဲ့ချုပ် အကြီးအကဲ ဖြစ်တဲ့ အဲရစ်သိုဟီရာကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)နဲ့ ဆွေးနွေးမှု ပြုလုပ်ဖို့ စေလွှတ်ခဲ့တယ်လို့လည်း အတည် ပြုခဲ့ပါတယ်။

မကြာသေးခင်က နိုင်ငံအတွင်း ကျင်းပမယ့် ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် အုပ်စုမဲခွဲမှု အစီအစဉ် ရှိခဲ့ပေမယ့် အစ္စရေးပါဝင်မှုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကြောင့် ဒီအစီအစဉ်ကို ဖျက်သိမ်းခဲ့ရတာပါ။

အင်ဒိုနီးရှားနဲ့ အစ္စရေးတို့ဟာ တရားဝင် သံတမန် ဆက်ဆံရေး မရှိတဲ့အတွက် အစ္စရေးကို ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ကနေ ရပ်တန့်ဖို့ တောင်းဆိုတဲ့သူတွေဟာ မကြာသေးခင်က ဂျကာတာကို ချီတက်ပြီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

အစ္စရေးကို ကန့်ကွက်နေကြတဲ့ အင်ဒိုနီးရှားပြည်သူတချို့ကိုတွေ့ရစဉ်

အင်ဒိုနီးရှားရဲ့ လူဦးရေမှာ မူဆလင် အများစုဖြစ်ပြီး မကြာသေးခင် နှစ်တွေအတွင်းမှာ ဘာသာရေး ရှေးရိုးစွဲဝါဒ တွေ မြင့်တက်လာပေမယ့် အများစုကတော့ အစ္စလာမ်ဘာသာကို အလယ်အလတ်ပုံစံသာ ကျင့်သုံးခဲ့ကြတာပါ။

အင်ဒိုနီးရှားနိုင်ငံရဲ့ ယာယီ အားကစားဝန်ကြီး အီဖန်ဒီကတော့ ပါလီမန်မှာ အဖြေရှာရမှာဖြစ်ပြီး ယူ-၂၀ ကမ္ဘာ့ ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပတာက အင်ဒိုနီးရှားဘောလုံးအတွက် အရေးကြီးတယ်လို့ ပြောခဲ့ပါ တယ်။

အီဖန်ဒီက “ဖြစ်နိုင်ခြေတွေတော့ ရှိပါသေးတယ်။ အင်ဒိုနီးရှားမှာ ဖြစ်ပျက်နေတာတွေကို နားလည် သဘော ပေါက်တဲ့ ဖီဖာကိုလည်း အလွန် ကျေးဇူးတင်ပါတယ်။ ကျနော်တို့က ရွေးချယ်စရာအချို့ကို ကြိုးစားနေပြီး ကျနော်တို့ မျှော်လင့်ထားတဲ့ အကောင်းဆုံး အရာတစ်ခုကတော့ အင်ဒိုနီးရှားမှာ ဒီပြိုင်ပွဲ ကျင်းပနိုင်ဖို့ပါ”လို့ ပြောခဲ့ပါတယ်။

Source: CNA