CNI International News

ဝါရှင်တန်၊ ဧပြီ ၂၅

တရုတ်သည် အမေရိကန်၏ နောက်ကျောဘက်တွင် စစ်စခန်းသစ် တည်ဆောက်၍ ခြေကုပ်ယူရန် စီစဉ်နေသည် ဟု Newsweek မှ ဖော်ပြခဲ့သည်။

အမေရိကန်၏ ဗာဂျင်းကျွန်းစု (U.S. Virgin Islands) ကမ်းရိုးတန်းမှ မိုင် ၂၂၀ အကွာအဝေးတွင် တည်ရှိသည့် ကာရစ်ဘီယံ ကျွန်းနိုင်ငံဖြစ်သော အန်တီဂွာ (Antigua) ကျွန်းကို တရုတ်က ထိန်းချုပ်ပြီး အထူးစီးပွားရေးဇုန် တစ်ခုအဖြစ် ပြောင်းလဲရန် စီစဉ်နေခြင်းဖြစ်သည်ဟု လေ့လာစောင့်ကြည့်သူများက ခန့်မှန်းပြောကြားခဲ့သည်။

Newsweek မဂ္ဂဇင်းက ဆန်းစစ်လေ့လာခဲ့သည့် မှတ်တမ်းများအရ အန်တီဂွာကျွန်းပေါ်တွင် ကိုယ်ပိုင် ဓလေ့ ထုံးတမ်းများ၊ လူဝင်မှုရေးရာ လုပ်ထုံးလုပ်နည်းများ၊ သင်္ဘောဆိပ်တစ်ခုနှင့် လေကြောင်းလိုင်းများ ရှိလာမည့်အပြင် ပတ်စ်ပို့များ ထုတ်ပေးနိုင်လိမ့်မည်ဟု ဖော်ပြထားသည်။

ထိုကျွန်းပေါ်တွင် တရုတ်သည် သယ်ယူပို့ဆောင်ရေးမှအစ ဒစ်ဂျစ်တယ် ငွေကြေးများအဆုံး စီးပွားရေးလုပ်ငန်း အားလုံးကို ထူထောင်လိမ့်မည်ဟုလည်း  Newsweek က ဖော်ပြခဲ့သည်။

အန်တီဂွာဝန်ကြီးချုပ် ဂက်စ်တန် ဘရောင်နီနဲ့ ရှီကျင့်ဖျင်ကို တွေ့ရစဉ်

တရုတ်နိုင်ငံပိုင် ကုမ္ပဏီများနှင့် ဖက်စပ်ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများသည် အန်တီဂွာနှင့် ဘာဘူဒါ (Antigua and Barbuda) ကျွန်းစုနိုင်ငံအပြင် အမေရိကန်၏ တတိယနယ်စပ်ဟု လူသိများသည့် မဟာဗျူဟာမြောက် ဒေသရှိ အခြားကာရစ်ဘီယံ နိုင်ငံများတွင် စီးပွားရေးလုပ်ငန်းများကို လျင်မြန်စွာ ချဲ့ထွင်နေသည်ဟု အန်တီဂွာ ခေါင်းဆောင်များနှင့် ပြုလုပ်သည့် အင်တာဗျူးများ အပါအဝင် အစိုးရနှင့် ကော်ပိုရိတ် အချက်အလက်များကို စုံစမ်းထောက်လှမ်းပြီး Newsweek က ဖော်ပြခဲ့သည်။

တရုတ်၏ ကြီးထွားလာသည့် ဒေသတွင်း ရပ်တည်ချက်သည် ၁၉၆၀ ပြည့်နှစ်က ကျူးဘားတွင် ခြေကုပ်ယူရန် ကြိုးပမ်းခဲ့သည့် ဆိုဗီယက်ယူနီယံ၏ ကြိုးပမ်းမှုနောက်ပိုင်း အမေရိကတိုက်တွင် အမေရိကန်အတွက် အကြီးမား ဆုံး ပြည်ပခြိမ်းခြောက်မှု ဖြစ်လာရန် အလားအလာရှိနေသည်။
ထိုအခြေအနေကို အမေရိကန် စစ်တပ်က စိုးရိမ်လျက်ရှိသည်။

“တရုတ်ဟာ စစ်ရေး ရည်ရွယ်ချက်တွေအတွက် စီးပွားရေးနဲ့ သံတမန်ရေးကို ခြေကုပ်ယူလိမ့်မယ်ဆိုတာ ကျနော် တို့ သတိထားမိပါတယ်။ အာရှ၊ အာဖရိကနဲ့ အရှေ့အလယ်ပိုင်း ဒေသတွေမှာ တရုတ်ဟာ စစ်ရေးရည်မှန်းချက်တွေ အတွက် သက်ဆိုင်ရာ နိုင်ငံတွေမှာ ဆိပ်ကမ်းတွေဆောက်ပြီး စီးပွားရေး သဘောတူညီချက်တွေကို ပြုလုပ်ခဲ့ပါ တယ်။ ဒီဒေသမှာလည်း သူတို့ဟာ အဲဒီလို လုပ်လာမှာကို ကျနော်တို့က စိုးရိမ်နေပါတယ်” ဟု အမေရိကန်၏ ဖလော်ရီဒါ (Florida) အခြေစိုက် တောင်ပိုင်းစစ်ဌာနချုပ် (SOUTHCOM) ၏ ပြောရေးဆိုခွင့်ရှိသူက Newsweek ကို ပြောကြားခဲ့သည်။

 အန်တီဂွာကျွန်းကို တွေ့ရစဉ်

အန်တီဂွာကျွန်းတွင် တရုတ်၏ ဒေါ်လာ ဘီလျံချီသည့် ချေးငွေများနှင့် တရုတ်နိုင်ငံပိုင် ကုမ္ပဏီများက ဆိပ်ကမ်း များ၊ လေဆိပ်များ အပါအဝင် မရှိမဖြစ် အခြေခံ အဆောက်အအုံများကို တိုးချဲ့ဆောက်လုပ်နေမှုသည် တစ်ချိန်က အမေရိကန်၏ အိမ်နောက်ဖေး ကွက်လပ်ဟု လူသိများခဲ့သည့် အန်တီဂွာကျွန်းကို တရုတ်၏ အိမ်ရှေ့မျက်နှာစာ အဖြစ် ပြောင်းလဲနေခြင်းဖြစ်သည်ဟု လေ့လာစောင့်ကြည့်သူများက ပြောကြားခဲ့သည်။

ထို့ပြင် အန်တီဂွာဝန်ကြီးချုပ် ဂက်စ်တန် ဘရောင်နီ (Gaston Browne) ကလည်း Newsweek မဂ္ဂဇင်းနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် တရုတ်နိုင်ငံ၏ စီးပွားရေး လှုပ်ရှားမှုများနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ချီးကျူးဂုဏ်ပြုစကားများ ပြောကြားခဲ့သည်။

အန်တီဂွာကျွန်းနိုင်ငံတွင် လူဦးရေ ၉၇,၀၀၀ သာနေထိုင်ပြီး အကျယ်အဝန်းမှာ ၁၇၀ စတုရန်းမီတာရှိသည်။

ထိုကျွန်း၏ အရွယ်အစားမှာ နယူးယောက် စီးတီး (New York City) မြို့၏ ကွင်းစ် (Queens) စီရင်စုနယ်နှင့် မတိမ်းမယိမ်း ဖြစ်သည်။

Source: Newsweek