CNI International News

ဘန်ကောက်၊ ဧပြီ ၂၅

မြန်မာနိုင်ငံရှိ မြဝတီမြို့ကို ထိန်းချုပ်နိုင်ရေးအတွက် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အကြား စစ်ရေးအရ မတိုးသာမဆုတ်သာ အခြေအနေကြောင့် တပ်မတော် အပါအဝင် စစ်ဘက်ဆိုင်ရာ အဖွဲ့ အားလုံးကို စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရန်  ဖိအားများ သက်ရောက်စေခဲ့သည်ဟု ထိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီး စီဟာဆတ် ဖြူအန်ကတ်ကော (Sihasak Phuangketkeow) က ပြောကြားခဲ့ကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။

မြဝတီမြို့သည် ထိုင်းနိုင်ငံနယ်စပ်ရှိ မြန်မာနိုင်ငံ၏ မဟာဗျူဟာကျသည့် ထိုင်း-မြန်မာ နယ်စပ်ကုန် သွယ်ရေး မြို့ဖြစ်သည်။

 ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ အစောပိုင်းက မြန်မာနိုင်ငံမြောက်ပိုင်းတွင် မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့(TNLA-AA-MNDAA)အကြား အပစ်အခတ်ရပ်စဲစေရန် ဆွေးနွေးညှိနှိုင်းမှုများအတွက် တရုတ်က ကြားဝင် စေ့စပ်ပေးခဲ့သည့် ဖြစ်စဉ်ကို စီဟာဆတ်က နှိုင်းယှဉ်ပြောကြားခဲ့သည်။

“မတိုးသာ မဆုတ်သာ အခြေအနေဟာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအတွက် ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ဖို့ စဉ်းစားရမယ့် ဖိအားတွေ ဖြစ်လာနိုင်ပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေမှာ တရုတ်က ဘယ်လို လုပ်ဆောင်ပေးခဲ့လဲဆိုတာကို စဉ်းစားရမှာပါ” ဟု စီဟာဆတ်က Thai PBS World နှင့်ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

 ထိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီး စီဟာဆတ် ဖြူအန်ကတ်ကောကို မြန်မာကို လူသားချင်း စာနာမှု အကူအညီပေးရေး ခရီးစဉ်မှာတွေ့ရစဉ်

TNLA ၊ MNDAA နှင့် AA တို့သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလက ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသတွင် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့သည်။ 

ထိုငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တော်တွင် တရုတ်က ကြားဝင်စေ့စပ်ပေး ခဲ့ခြင်း ဖြစ်သည်။

KNU နှင့် မဟာမိတ်အဖွဲ့များသည် သီတင်းပတ်များစွာကြာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် မြဝတီမြို့၏ မြန်မာ့တပ်မတော် စစ်စခန်းများကို သိမ်းယူခဲ့သည်။

ထို့နောက် မြန်မာ့တပ်မတော်ကလည်း ထိုစခန်းများကို ပြန်လည်သိမ်းယူရန် တပ်ကူများစေလွှတ်ပြီး ကြိုးပမ်း လျက်ရှိသည်။

သို့သော် ဧပြီ ၂၂ ရက်မှစပြီး တိုက်ပွဲများ အရှိန်လျော့ကျလာခဲ့ကာ နှစ်ဖက်စလုံးသည် ဆွေးနွေးမှုများ ပြုလုပ်နေ သည့် သတင်းများလည်း ထွက်ပေါ်နေသည်။

“မတိုးသာ၊ မဆုတ်သာ အခြေအနေ ဆက်ဖြစ်နေမယ်ဆိုရင် ထိုင်းနိုင်ငံအနေနဲ့ ဒီပဋိပက္ခကို အဆုံးသတ်ပေးဖို့ ကြားဝင်စေ့စပ်ပေးတဲ့ အခန်းကဏ္ဍကနေ ဘယ်လိုပါဝင် နိုင်မလဲဆိုတာကို ကျနော်တို့ စစဉ်းစားဖို့ လိုပါတယ်”ဟု စီဟာဆတ်က ပြောကြားခဲ့သည်။

မြဝတီမြို့ကို မြန်မာ့တပ်မတော်က ပြန်လည်ထိန်းချုပ်လိုက်စဉ်

ထိုင်းနိုင်ငံသည် မြန်မာ့အရေးကို ဖြေရှင်းရန် အာဆီယံနှင့်လည်း လက်တွဲလုပ်ဆောင်နေကြောင်း မြန်မာ့တပ်မတော်နှင့် သာမက လက်နက်ကိုင်အဖွဲ့များနှင့်ပါ အဆက်အသွယ်ရှိကြောင်း စီဟာဆတ်က Thai PBS World ကို ပြောကြားခဲ့သည်။

“ထိုင်းနိုင်ငံဟာ ဆွေးနွေးညှိနှိုင်းမှုတွေအတွက် ပေါင်းကူးတံတားအဖြစ် ကြားဝင်ဆောင်ရွက်ပေးဖို့ အသင့်ရှိနေပြီး ဆွေးနွေးမှုတွေ အဆင်ပြေ ချောမွေ့အောင် ကူညီပေးသွားမှာပါ။ ဒါပေမယ့် သူတို့ဘက်ကလည်း ဆွေးနွေးဖို့ အသင့် ရှိနေရပါမယ်။ ဒါက အရေးကြီးပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

မြန်မာ့ပဋိပက္ခကို အဆုံးသတ်ရန် လိုအပ်ကြောင်းကို မြန်မာနိုင်ငံအတွင်းရှိ သက်ဆိုင်ရာ အဖွဲ့များအားလုံးထံ ခိုင်မာသည့် အမှာစကားပေးပို့ရန် ထိုင်းနှင့် အာဆီယံအကြား ပူးပေါင်းဆောင်ရွက်ဖို့လိုကြောင်း၊ အာဆီယံ အနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကို အဆုံးသတ်စေရန် ပိုမိုတက်ကြွပြီး ပိုမိုစည်းလုံးမှုရှိ သည့် အခန်းကဏ္ဍမှ ပါဝင်ရန်လိုကြောင်း စီဟာဆန်က ပြောကြားခဲ့သည်။

Source: Thai PBS World