CNI International News

ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၆

ထိုင်းနိုင်ငံအတွင်း မြန်မာ့တပ်မတော်ကို ဆန့်ကျင်သည့် လှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်နေကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး စူထင် ကလန်ဆန် (Sutin Klungsang)က ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ထိုလှုပ်ရှားမှုများကို လုပ်ဆောင်နေသူများအား အခြား မြန်မာရွှေ့ပြောင်း နေထိုင်သူများအပေါ် ထားသော ဆက်ဆံရေးနှင့်မတူဘဲ ဆက်ဆံသင့်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး စူထင် ကလန်ဆန် (Sutin Klungsang) က ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

လက်ရှိအချိန်၌ စိုးရိမ်စရာ မရှိသေးကြောင်း၊ ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးဝင်ရောက်လာသည့် မြန်မာနိုင်ငံ သူ/သား၏ အရေအတွက်သည် အရမ်းများပြားခြင်း မရှိသေးကြောင်း၊ ၎င်းတို့သည် မကြာမီ အချိန်အတွင်း နေရပ်သို့ ပြန်လိမ့်မည်ဟု မျှော်လင့်ရကြောင်း စူထင်က ပြောကြားခဲ့သည်။ 

ဒီမိုကရေစီအရေး တောင်းဆိုနေကြသူများကို တွေ့ရစဉ်

ထိုင်းနိုင်ငံတွင် ယခင်ကတည်းက ကာလကြာရှည် နေထိုင်ခဲ့သူများသာ နိုင်ငံအတွင်း ဆက်လက် နေထိုင်လိမ့်မည် ဖြစ်ကြောင်း၊ မကြာသေးမီက မြန်မာနိုင်ငံတွင် စစ်မှုမထမ်းမနေရဥပဒေ ပြဋ္ဌာန်းကြောင်း ကြေညာခဲ့သော်လည်း ထိုင်းသို့ မြန်မာနိုင်ငံသားများ အများအပြား ဝင်ရောက်လာသည့် လက္ခဏာကို မတွေ့ရကြောင်း ၎င်းက ပြော သည်။

ထိုင်းကာကွယ်ရေးဝန်ကြီးသည် တာ့ခ်(Tak)ခရိုင်၊ မဲဆောက် (MaeSot) နယ်စပ်မြို့ရှိ စစ်စခန်းတစ်ခုသို့ သွားရောက်သည့် ခရီးစဉ်အတွင်း ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုခရီးစဉ်အတွင်း စူထင်က နယ်စပ်ဒေသများတွင် တာဝန်ထမ်းဆောင်နေသည့် နယ်စပ်ရဲအရာရှိများ၊ အရန် တပ်ဖွဲ့ဝင်များနှင့် စစ်သားများကို ကိုယ်ချင်းစာကြောင်းနှင့် ၎င်းတို့ကို ထောက်ပံ့ကြေးများ ပိုပေးသွားမည် ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။

အဆိုပါ ရဲအရာရှိများ၊ စစ်သားများသည် နယ်စပ်လုံခြုံရေးအတွက် သာမက မူးယစ်ဆေးဝါး မှောင်ခိုကူးမှုကဲ့သို့ နယ်စပ်ဒေသ ရာဇဝတ်မှုပေါင်းစုံကို တိုက်ဖျက်နေရကြောင်း စူထင်က ပြောသည်။

 ထိုင်းနယ်စပ် မဲဆောက်မြို့ကိုတွေ့ရစဉ်

ထိုင်းနိုင်ငံ၏ မြေပေါ်တွင် မြန်မာအစိုးရကို ဆန့်ကျင်သည့် တိုက်ခိုက်မှုများအတွက် ရန်ပုံငွေများ စုဆောင်းနေ သည့် အဖွဲ့များကို ထိုင်းအစိုးရနှင့် လုံခြုံရေးအာဏာပိုင်များက အအနီးကပ် စောင့်ကြည့်နေကြောင်း၊ လက်ရှိတွင် ထိုအဖွဲ့များ၏ လှုပ်ရှားမှုများသည် ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ခုကဲ့သို့ ကောက်ချက် မချနိုင်သေးကြောင်း ၎င်းက ပြောကြားခဲ့သည်။

လတ်တလောတွင် အခြေအနေများကို ထိန်းချုပ်ထားနိုင်ကြောင်း၊ ထိုင်းရောက် မြန်မာရွှေ့ပြောင်း လုပ်သားတိုင်း ကို မြန်မာ့တပ်မတော် ဆန့်ကျင်သူများအဖြစ် မယူဆသင့်ကြောင်းလည်း စူထင်က ပြောကြားခဲ့သည်။

ထို့ပြင် ထိုင်းနိုင်ငံအတွင်းရှိ မြန်မာ့တပ်မတော်အား ဆန့်ကျင်သည့် အဖွဲ့များကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်း များလည်း ရှာဖွေထားသည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်