CNI International News

အန်ကာရာ၊ မတ်လ ၉

တူရကီနိုင်ငံသည် လုံခြုံရေးဆိုင်ရာ စီမံချက်တစ်ခုအဖြစ် ဆိုက်ပရပ်စ် မြောက်ပိုင်းဒေသကို F-16 တိုက်လေယာဉ် များ စေလွှတ်ရန် စဉ်းစားနေကြောင်း တူရကီကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းရင်းမြစ်တစ်ခုက မတ်လ ၇ ရက် တွင် ပြောကြားခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။

ဆိုက်ပရပ်စ်ကျွန်းမြောက်ပိုင်းရှိ တူရကီ၏ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ ဒရုန်းဖြင့် ပစ်မှတ်ထား တိုက်ခိုက် ခံရပြီးနောက် တူရကီကာကွယ်ရေးဝန်ကြီးဌာနက ထိုကဲ့သို့ စဉ်းစားလာခဲ့ခြင်းဖြစ်သည်။

မကြာသေးမီက ဖြစ်စဉ်များအရ မြောက်ဆိုက်ပရပ်စ် တူရကီသမ္မတနိုင်ငံ(TRNC) ၏ လုံခြုံရေးကို စိတ်ချ သေချာ စေရန်အတွက် စီမံကိန်းများ ရေးဆွဲနေကြောင်း ထိုသတင်းရင်းမြစ်က ပြောကြားခဲ့သည်။

မြောက်ဆိုက်ပရပ်စ် တူရကီသမ္မတနိုင်ငံ (TRNC) ဟု အမည်ပေးထားသည့် ဆိုက်ပရပ်စ်မြောက်ပိုင်းဒေသကို အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် တူရကီတစ်နိုင်ငံတည်းကသာ အသိအမှတ်ပြုထားသည်။

ဆိုက်ပရပ်စ်ကျွန်းနိုင်ငံ မြေပုံကို တွေ့

ထိုဆိုက်ပရပ်စ် မြောက်ပိုင်းနယ်မြေတွင် လုံခြုံရေးအတွက် ထည့်သွင်းစဉ်းစားနေသည့် အချက်များထဲတွင် F-16 တိုက်လေယာဉ်များ ဖြန့်ကြက်ချထားရေးဆိုသည့် အချက်လည်း ပါဝင်သည်ဟု တူရကီကာကွယ်ရေး သတင်းရင်း မြစ်က ပြောသည်။

ဆိုက်ပရပ်စ်နိုင်ငံသည် ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်ဖြစ်ပြီး လက်ရှိတွင် EU ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ယူထားကာ အမေရိကန်၊ အစ္စရေးနှင့်အီရန်ကြား ဖြစ်ပွားနေသည့် ပဋိပက္ခ၏ နောက်ဆက်တွဲ ရိုက်ခတ်မှုများကို ခံနေရသည်။

မတ်လ ၂ ရက်ကလည်း အီရန်နိုင်ငံလုပ် ဒရုန်းတစ်စင်းသည် ဆိုက်ပရပ်စ်ကျွန်းပေါ်ရှိ ဗြိတိန်စစ်အခြေစိုက် စခန်း တစ်ခုကို ထိမှန်ခဲ့သည်။

ထိုဒရုန်းသည် အီရန်နိုင်ငံအတွင်းမှ တိုက်ရိုက် ပစ်လွှတ်ခြင်းမျိုး မဟုတ်ဘဲ လက်ဘနွန်အခြေစိုက် အီရန် ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာ စစ်သွေးကြွအုပ်စုက ပစ်လွှတ်ခြင်းဖြစ်နိုင်ကြောင်း ဆိုက်ပရပ်စ်အစိုးရက ပြောကြားခဲ့သည်။

ဒရုန်းတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ဥရောပနိုင်ငံ အချို့သည် ဆိုက်ပရပ်စ်နိုင်ငံကို လေကြောင်းရန် ကာကွယ်ရေး စနစ်များနှင့် အခြားစစ်ဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပေးပို့ပြီး ကူညီပေးမည်ဟု ကတိပြုခဲ့ကြသည်။

EU အဖွဲ့ဝင် ၂၇ နိုင်ငံမှ ကာကွယ်ရေးဝန်ကြီးများသည် လာမည့် သီတင်းပတ်တွင် ဆိုက်ပရပ်စ်၏ နီကိုးစီးယား (Nicosia) မြို့တော်၌ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသော်လည်း ဒရုန်းတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ထိုအစည်း အဝေးများ အားလုံးကို အွန်လိုင်းမှတဆင့် ပြုလုပ်ရန် သို့မဟုတ် ရက်ရွှေ့ဆိုင်းရန် ပြောင်းလဲ သတ်မှတ်ခဲ့ကြသည်။

Source: CAN