CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၃
အုပ်ချုပ်ရေးပိုင်းတွင် တပ်မှူးကောင်းစိတ်ဓာတ်၊ ဖခင်သဖွယ် စိတ်ဓာတ်ဖြင့် ကိုယ်ချင်းစာ တရာများ ရှိနေရန်လိုပြီး အုပ်ချုပ်မှုညီညွတ်မျှတမှု ရှိရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြောသည်။
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၂ ရက်က မကွေးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံစဉ် ၎င်းက အထက်ပါ အတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
တပ်မတော်တွင် အုပ်ချုပ်ရေးစွမ်းရည်သည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍတွင် ရှိပြီး အုပ်ချုပ်မှု မကောင်း လျှင် စစ်ရေးစွမ်းရည်နှင့် စည်းရုံးရေး စွမ်းရည်ပါ မကောင်းနိုင်သဖြင့် စွမ်းရည်သုံးရပ်တွင် အုပ်ချုပ်မှုစွမ်းရည်သည် အလွန်အရေးကြီးကြောင်း၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာ အားနည်းချက်များကြောင့် တပ်တွင်း စည်းလုံးညီညွတ်မှု အားနည်းချက်ကို ဖြစ်ပေါ်နိုင်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြောသည်။

၎င်းက “အုပ်ချုပ်ရေးပိုင်းတွင် တပ်မှူးကောင်း စိတ်ဓာတ်၊ ဖခင်သဖွယ်စိတ်ဓာတ်ဖြင့် ကိုယ်ချင်းစာ တရားများ ရှိနေရန်လိုပြီး အုပ်ချုပ်မှုညီညွတ်မျှတမှုရှိရန်လိုကြောင်း၊ အုပ်ချုပ်မှုအားနည်းလျှင် စည်းလုံး ညီညွတ်မှုကို အားနည်းစေမည်ဖြစ်ကြောင်း၊ စည်းကမ်းဆိုသည်မှာ တိုက်တွန်းချက်နှင့် တားမြစ်ချက်ပင်ဖြစ်ကြောင်း၊ ခေါင်း ဆောင်ကောင်းသည် တာဝန်ခံမှု တာဝန်ယူမှု စိတ်ဓာတ်ရှိရမည်ဖြစ်ပြီး ခွင့်လွှတ်သင့်သည်ကို ခွင့်လွှတ်ပေးရမည် ဖြစ်ကာ ခွင့်လွှတ်ပေး၍မရသည့် ကိစ္စရပ်များကိုလည်း ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ရမည်”ဟု ပြောသည်။
မိမိတို့ တပ်မတော်အနေဖြင့် ချမှတ်ထားသော စည်းကမ်းဘောင်အတွင်းမှ သွေဖည်ပြီး လုပ်ဆောင်၍မရသဖြင့် စည်းကမ်းကို ချိုးဖောက်ခြင်းသည် ပြစ်မှုကျူးလွန်ခြင်းပင်ဖြစ်ကြောင်း၊ စည်းကမ်းရှိသည့် စည်းကမ်းကောင်းသည့် တပ်မတော်ဖြစ်အောင် အမြဲတမ်း စောင့်ထိန်းလိုက်နာနိုင်ရန် လိုအပ်သော်လည်း အစွန်းရောက်သော တင်းကြပ်မှု မဖြစ်ရန် သတိပြုရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြောသည်။

ထို့နောက် ပြည်သူနှင့်တပ်မတော်ဆိုသည်မှာ ခွဲခြား၍မရဘဲ ပြည်သူနှင့်တပ်မတော်သည် ချစ်ချစ်ခင်ခင်နှင့် စည်းစည်းလုံးလုံး ရှိနေစေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးအတွက် ၂၄ နာရီ တာဝန်ရှိပြီး ပြည်သူ့အကျိုးစီးပွားကို ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဗိုလ်ချုပ်ကြီးရဲဝင်းဦးသည် စစ်ဘက်ဆိုင်ရာလုံခြုံရေးအရာရှိချုပ်ကနေ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာသူ ဖြစ်သည်။
၎င်းကို လက်ရှိ သမ္မတ ဦးမင်းအောင်လှိုင်က ၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ကို လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။
