CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၇

တပ်မတော်အတွင်း စည်းလုံးညီညွတ်မှုရှိရေး စည်းရုံးနေ၍ အလုပ်မဖြစ်ကြောင်း၊ ပြည်သူပါဝင်ရန် လိုအပ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

တပ်မတော်အတွင်း စည်းလုံးညီညွတ်မှုရှိနေသည့် ကာလတစ်လျှောက်လုံး တိုင်းပြည်ကို ဖြိုခွဲ၍ရမှာ မဟုတ် ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာ ၁၆ ရက် မော်လမြိုင်တပ်နယ်မှ တပ် မိသားစုများနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ကျနော်ကတော့ ပြည်သူနဲ့လည်း ပါရမှာပေါ့ဗျာ၊ သူပြောတာကတော့ ပြည်သူရော ထည့် ပြောသင့်တာပေ့ါ၊ သူတို့ စည်းရုံးနေတာက သူတို့အတွက်ပဲ ဖြစ်နေရင်တော့ အလုပ်မဖြစ်ဘူးပေါ့၊ ပြည်သူနဲ့ တကွ၊ ပြည်သူ့ထောက်ခံမှုကို ရတယ်ဆိုတာလေးထည့်ရင် ကောင်းတာပေါ့၊ အဲဒါလေးပါပဲ။ ပြည်သူပါဖို့ လိုတယ်လို့ တပ် ကြီးပဲ အလုပ်မဖြစ်ဘူးလို့ အဲဒါပါ ကျနော်မှတ်ချက်ကတော့” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဒီမိုကရေစီအရေး တောင်းဆိုနေကြသူများ (ဖရွန်းတီးယားမြန်မာ)

တပ်မတော်အနေဖြင့် တပ်တွင်း စည်းလုံးညီညွတ်ရေးကို ယခင်ကတည်းက ဆောင်ရွက်ခဲ့ပြီး သက်သာချောင်ချိ ရေး လုပ်ငန်းများ၊ တပ်တည်ဆောက်ရေး လုပ်ငန်းများနှင့် လေ့ကျင့်ရေး လုပ်ငန်းများကို အမြဲမပြတ် ဆောင်ရွက်ခဲ့ ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

တောင့်တင်းခိုင်မာပြီး အင်အားရှိသည့် အဖွဲ့အစည်းတစ်ခုမှာ တပ်မတော် တစ်ရပ်သာ ဖြစ်ကြောင်း သေနင်္ဂ မဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ဦးသိန်းထွန်းဦးက “မြန်မာပြည်မှာ ဒီနိုင်ငံရေးသမားများနဲ့ ပတ်သက်ပြီး တော်တော်များများ လေ့လာသူတွေလည်း သုံးသပ်ကြတယ်၊ တောင့်တင်းခိုင်မာပြီးတော့ တကယ့်ကို အင်အားရှိတဲ့ Institution တွေ အများကြီး လိုအပ်တယ်၊ အဲဒီတော့ Institution အဲဒီလိုမျိုး ဒီအချက်အလက်တွေနဲ့ ညီတယ်၊ တကယ်ကို တောင့်တင်းခိုင်မာပြီးတော့ သမိုင်းကြောင်း ကောင်းခဲ့တဲ့ Institution ဆိုပြီးတော့ ကျနော်တို့ အချက်အလက်တွေ ပြန်ရှာလိုက်တဲ့အချိန်မှာ လောလောဆယ် လက်ရှိ တပ်မတော်ဆိုတဲ့ Institution တစ်ခုပဲ ကျနော်တို့ တွေ့တယ်၊ ကျန်တဲ့ Institution တွေက အင်အားတောင့်တင်းခဲ့တာရှိတယ်၊ ဒါပေမဲ့ ရေရှည် သွားနိုင်တဲ့ အနေအထားမျိုး မတွေ့ဘူး။ Institution တစ်ခုရဲ့ ပြောရရင်တော့ ဝိသေသ လက္ခဏာတွေနဲ့ ပြည့်စုံအောင် မသွားနိုင်တဲ့ အနေအထားပေါ့နော်၊ အဲဒီတော့ တပ်မတော် တစ်ရပ်ကတော့ Institution တစ်ခုဆိုတဲ့ ဝိသေသ လက္ခဏာလည်း ပြည့်တယ်၊ နောက် စတင် ဖြစ်ပေါ် လာကတည်းကနေပြီးတော့ ဒီအချိန်ထိပေါ့၊ ဒီဦးတည်ထားတဲ့ ဦးတည်ချက်တောင်မှ အမြဲတမ်း တည့် တည့်မတ်မတ် ထိန်းထားနိုင်တာ ကျနော်တို့ တွေ့တယ်” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တပ်တွင်း စစ်သည်၊ မိသားစုများတွေ့ဆုံကြစဉ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာ့တပ်မတော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆို ကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် ကြေညာထားသည်။

ထို့နောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဦးဆောင်သည့် ဒေသကာကွယ်ရေးတပ် (PDF)နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတချို့ ပူးပေါင်းကာ တပ်မတော်ကို ဖြုတ်ချရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။