CNI News

၂၀၂၂ ခုနှစ်၊ မေလ ၅

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ငြိမ်းချမ်းရေးဆွေးနွေးရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို ဖိတ်ခေါ်ခဲ့ရာမှာ အချိန်ကောင်းမဟုတ်သေးဘူးဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)က ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဧပြီ ၂၂ ရက်က ငြိမ်းချမ်းရေး မိန့်ခွန်းတစ်ရပ်ကို ပြောကြား၍ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များကို မိမိကိုယ်တိုင် တွေ့ဆုံ၍ ဖက်ဒရယ်ပြည်ထောင်စုအရေး ဆွေးနွေးရန် ဖိတ်ခေါ် ခဲ့သည်။

KNPP က "တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများသို့ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ် မှုသည် တစ်နိုင်ငံလုံး လွှမ်းခြုံသည့် တွေ့ဆုံဆွေးနွေးမှု မဖြစ်သကဲ့သို့ လက်ရှိဖြစ်နေသည့် နိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းများကို ဖြေရှင်းရန် ကြိုးပမ်းဖော်ထုတ်မှု မဟုတ်သဖြင့် ဤဖိတ်ခေါ်မှုသည် တွေ့ဆုံဆွေးနွေးရန် အတွက် အချိန်ကောင်း မဟုတ်ပေ"ဟု ပြောသည်။

NLD အစိုးရလက်ထက်က NPRC နဲ့ KNPP တွေ့ဆုံဆွေးနွေးနေစဉ်

ထို့နောက် ပါဝင်သင့် ပါဝင်ထိုက်သော အင်အားစုများ ပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်စေရန် လက်ရှိ တပ်မတော်၏ ဒေသအသီးသီးသို့ ထိုးစစ်ဆင်နေမှုများအား ချွတ်ယွင်းချက်မရှိ အမြန်ဆုံးရပ်တန့်ရန်နှင့် စစ်အင်အား ဖြည့်ဆည်းနေမှုများအား ချက်ချင်းရုပ်သိမ်းရန် KNPP က ထုတ်ပြန်၍ တောင်းဆိုထားသည်။

အလားတူ စစ်ဆင်ရေးကြောင့် အတိဒုက္ခရောက်နေကြရသည့် တိုက်ပွဲရှောင်ပြည်သူများအား ကုလသမဂ္ဂအဖွဲ့ အစည်းများ အပါအဝင် နိုင်ငံတကာလူမှုအကူအညီ ပံ့ပိုးမှုများကို ဆောင်ရွက်နေသော အဖွဲ့အစည်းများအား လွတ်လပ်စွာ ပံ့ပိုးကူညီရေးလုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုရန်၊ မတရားညှင်းဆဲ သတ်ဖြတ်ခြင်းကြောင့် အသက် ဆုံးရှုံးသွားရသည့် လူထုများအတွက် နစက(မူရင်း-စစ်ကောင်စီ)မှ ကျူးလွန်သူများအား တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဥပဒေကြောင်းအရ အရေးယူရန် တောင်းဆိုအပ်ပါသည်ဟု KNPP ၏ ယနေ့ (မေလ ၅ ရက်) ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။