CNI News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၆

မြန်မာ့တပ်မတော်အနေဖြင့် နေပြည်တော်ကို တိုက်ရိုက်ခြိမ်းခြောက်လာနိုင်သည့် ဒေသများတွင် စစ်ရေးအား ဦးစားပေးနိုင်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S)မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

ထို့ပြင် နိုင်ငံရေးအရ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေး အချိန်ကာလ အတိုင်းအတာ တစ်ခုအထိ လုံးပမ်းရမည်ဖြစ်ပြီး အစိုးရသစ်၊ လွှတ်တော်တစ်ရပ် ပေါ်ပေါက်သည်အထိ လုံးပမ်းရမည့် အနေအထားဖြစ် ကြောင်း ၎င်းက ပြောသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာက “စစ်တပ်က သူ့အလုပ်က ဗဟိုဒေသလို့ခေါ်တာပေါ့။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေး တိုင်း၊ ဒီဗဟိုဒေသ စစ်ရေးအသာစီးပြန်ရဖို့ ကြိုးစားရမှာ တစ်ချက်ရှိတယ်။ ဘာကြောင့်ဆို အဲဒီဒေသတွေက နေပြည်တော်ကို တိုက်ရိုက် ခြိမ်းခြောက်နိုင်တဲ့ ဒေသတွေဖြစ်တယ်။ ဒါကြောင့် နေပြည်တော်ကို တိုက်ရိုက် ခြိမ်းခြောက်နိုင်တဲ့ နေရာတွေမှာ ဦးစားပေးရမယ့် သဘောရှိတယ်။ နှစ်က တရားဝင်မှုအတွက် ရွေးကောက်ပွဲကို လည်း တစ်စိတ်တစ်ပိုင်းပဲဖြစ်ဖြစ် အောင်မြင်အောင် လုပ်ရမယ့် သဘောရှိတယ်” ဟု ပြောသည်။

လက်ရှိတွင် နယ်မြေ‌ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်ပေါင်း ၆၃ မြို့နယ်ကို ရက်ပေါင်း ၉၀ အရေးပေါ် အခြေအနေ ကြေညာလိုက်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

နေပြည်တော်လုံခြုံရေး ချထားစဉ်

ထိုမြို့နယ်များမှာ ကချင်ပြည်နယ် ၅ မြို့နယ်၊ ကယားပြည်နယ် ၃ မြို့နယ်၊ ကရင်ပြည်နယ် ၂ မြို့နယ်၊ ချင်း ပြည်နယ် ၇ မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး ၉ မြို့နယ်၊ မကွေးတိုင်း ဒေသကြီး ၅ မြို့နယ်၊ မန္တလေးတိုင်း ဒေသကြီး ၃ မြို့နယ်၊ ရခိုင်ပြည်နယ် ၁၄ မြို့နယ်၊ ရှမ်းပြည်နယ် ၁၅ မြို့နယ်တို့ ဖြစ်ကြသည်။

ရှမ်းပြည်နယ်ရှိ မြို့နယ် ၁၅ မြို့နယ်ထဲတွင် ထူးခြားချက် အနေဖြင့် “ဝ” အထူးဒေသအတွင်းမှ ဟိုပန်မြို့နယ်၊ မိုင်းလားအထူးဒေသမှ မိုင်းလားမြို့နယ်နှင့် ကိုးကန့်အထူးဒေသမှ လောက်ကိုင်မြို့တို့ ပါဝင်နေသည်ကို တွေ့ရသည်။

လက်ရှိတွင် တပ်မတော်အနေဖြင့် မည်သည့်ဒေသကို ထိုးစစ်ဆင်မည်ဟူ၍ တစ်သမတ်တည်း မရှိဘဲ တစ်ဖက် အင်အားစုများ၏ တိုက်ပွဲဖော်ဆောင်လာမှုအပေါ် မူတည်ကာ စစ်ရေးလှုပ်ရှားနိုင်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

နေပြည်တော်ကို တွေ့ရစဉ်

၎င်းက “AA တိုက်ရင် AA ဘက်သွားမယ်။ စစ်ကိုင်းတိုင်းမှာ ရှုပ်ရှုပ်ဖြစ်ရင် စစ်ကိုင်းတိုင်းကို လာမယ်။ ဗန်းမော်ဆို ဗန်းမော် အဲဒီလို လျှောက်ပြီးတော့ လုပ်မှာပဲ ဖြစ်မယ်ထင်တယ်။ သူတို့မှာ စနစ်တကျ ဘယ်ဒေသကို ဘယ်လို လုပ်မယ် ဘာမယ်ဆိုတာ ရှိပုံမရဘူး။ တပ်ထဲမှာလည်း သေနင်္ဂဗျူဟာကျကျ ညှိနှိုင်းပြီး လုပ်နိုင်တဲ့ လူလည်း မရှိဘူး။ တစ်ယောက်တစ်ပေါက် ဖြစ်နေတာပဲ။ သူတို့ဘက်ကတော့ ပြန်ပြီး နလန်ထူနိုင်စရာ မရှိဘူး။ ဒါပေမယ့် သူတို့မှာ အခြေခံ အချက်အလက် ပြည့်ပြည့်စုံစုံရှိတယ်။ ကျမတို့ ထင်သလောက်တော့ မလွယ်နိုင်ဘူး။ ဝေါခနဲ ပြိုဖို့ဆိုတာလည်း မလွယ်နိုင်ဘူး။ သူတို့ အခုလို စစ်အင်အားတွေ စုဆောင်းနိုင်သမျှ သူတို့ တိုက်နိုင်သမျှ ဆက် တိုက်နေဦးမယ်ထင်တယ်” ဟု ပြောသည်။

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက အရေးပေါ် အခြေအနေ ကြေညာခဲ့သော မြို့နယ် ၆၃ မြို့နယ် သည် TNLA၊ AA၊ KNU၊ KIA၊ CNF၊ PDF များနှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများ ဖြစ်ပွားနေသော မြို့နယ် များဖြစ်သည်။

လက်ရှိတွင် မြန်မာ့တပ်မတော်သည် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်၊ ကျောက်မဲ၊ သီပေါကို ထိုးစစ်ဆင် တိုက်ခိုက်နေသလို KIA က မြို့သိမ်း ဆင်နွှဲနေသော ဗန်းမော်မြို့ မကျရေးကိုလည်း ခုခံစစ် ဆင်နွှဲနေသည်။

အလားတူ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်တို့မှာလည်း မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်များ ကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။